စစ်တပ်က ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေသောကြောင့် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ပြည်သူ တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်နေ

Author မင်းထက်
Categories
Published on Apr 02, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း  စစ်တပ်က ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ စစ်ရှောင် ပြည်သူ ၁၀၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ်ကော်မတီ၀င် ကိုလွမ်းသူက CJ Platform သို့ပြောသည် ။

 

မတ်လ ၂၂ ရက်နေ့မှ စ၍ အင်အား အများအပြားဖြင့် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဧပြီလ ၂ ရက်နေ့အထိ  ပြန်လည် ဆုတ်ခွာခြင်း မရှိသောကြောင့် ပြည်သူ အများအပြား နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည် ။

 

“လောလောဆယ် အခြေနေမှာတော့ ယာယီစစ်ရှောင်တွေလို့ ပြောရမယ်၊ ဘယ်လောက်ထိရှိနေမယ်လို့တော့ မပြောနိုင်ဘူး ၊ လောလောဆယ် မရှောင်တိမ်းရတဲ့ကျေးရွာတွေကနေ ပြန်ကူတာ ၊ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ကျွန်တော်တို့လို ယင်းမာပင်-ဆားလင်းကြီး သပိတ်ကော်မတီတွေကနေ ဦးဆောင်လုပ်နေတဲ့ ပြည်သူမှပြည်သူသို့ အဖွဲ့စည်းတွေ အခြားသောအဖွဲ့စည်းတွေက နိုင်သလောက်ကူညီနေကြတယ် ဒါပေမဲ့လုံလောက်တဲ့ အထောက်ပံ့မှုမျိုးတော့ ဖြစ်မနေဘူး ” ဟု သပိတ်ကော်မတီ၀င် ကိုလွမ်းသူက ပြောသည်။

 

လက်ရှိအချိန်တွင် စစ်ကောင်စီ စစ်ကြောင်းသည်  မုံရွာ-ပုသိမ် လမ်းဘေး လမ်းတစ်လျှောက် အင်အား အများအပြားဖြင့် ဂုဏ်တောရွာ ၊ ကျေးစာကျရွာ တို့၌ တပ်စွဲထားလျက်ရှိသောကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ပြည်သူ တစ်သောင်းကျော်သည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ၍ စားနပ်ရိက္ခာများလည်း လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ရှောင်ပြည်သူများအနေဖြင့်လည်း  ကာလရှည်ကြာစွာထပ်မံ တိမ်း​ရှောင်ရပါက စားနပ်ရိက္ခာအခက်အခဲများ ၊ ကျန်းမာရေး စောက်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုလိုအပ်လာနိုင်ကြောင်းယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်ကော်မတီ၀င် ကိုလွမ်းသူက ပြောသည်။

 

ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမမှုကွန်ရက် (မတ်လ ၂၂ ရင်နေ့က  ယင်းမာပင်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်ပြည်သူများ)