စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ပုသိမ်ထောင်ဖြစ်စဉ်တွင် ဒဏ်ရာရ နိုင်ငံရေးအကျဉ်းသား ကို၀င်းထွန်းနိုင်၏ အမျိုးသမီးကို စစ်တပ်က ထပ်မံဖမ်းဆီး

Author လင်းခိုင်
Categories
Published on Jan 07, 2023

 

စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ပုသိမ်ထောင်ဖြစ်စဉ်တွင် လေးဆုံးခဲ့သူ အကျဉ်းသားလေးဦးအထိရှိလာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“မနေ့ကဖြစ်တဲ့ ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသား လေးဦးအထိ သေဆုံးမှုရှိလာတာ၊ သူတို့ဘက်ကတော့ တစ်ယောက်ထဲသေတယ်လို့ပြောတာ” ဟု အဆိုပါဖြစ်စဉ်အား သိရှိသူ အကျဉ်းထောင်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ တစ်ဦးကCJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်တွင် နိုင်ငံရေးအကျဉ်းသား ကို၀င်းထွန်းနိုင် အပါအ၀င် ၈ ဦးကို ပုသိမ်အကျဉ်းထောင် ထောင်မှူးနှင့် ထောင်၀န်ထမ်းများက ခေါ်ယူရိုက်နှက်ပြီးနောက် ဒီဇင်ဘာ ၆ ရက်တွင် အကျဉ်းထောင်အတွင်း ဆူပူမူဖြစ်ပေါ်ကာ ရဲတပ်ဖွဲ့၀င် အင်အား ၃၀ ခန့်ဖြင့် အကျဉ်းသားများကို ပစ်ခတ် ရိုက်နှက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယနေ့(ဇန်နဝါရီ ၇ရက်) ညနေ ၃နာရီခွဲခန့်တွင် ကို၀င်းထွန်းနိုင်၏ အမျိုးသမီးဖြစ်သူ မစန္ဒာအေးကို အရပ်၀တ်ဖြင့် လူငါးဦးက သူမနေထိုင်ရာ၊ ပုသိမ်မြို့ နန္ဒာ၀န်လမ်း၊ မြို့မရဲစခန်းအနောက်၊ အမှတ် (၃) ရပ်ကွက် နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ ကို၀င်းထွန်းနိုင် အမျိုးသမီးကို အရပ်၀တ်နဲ့ လူငါးဦးက ဒီနေ့လာ ခေါ်သွားတယ်။ ကျွန်တော်တို့ လိုက်စုံစမ်းတော့ ပုသိမ်ရဲစခန်းမှာလည်းမရှိဘူး။ ဘာအကြောင်းပြချက် ဘာမှ မပြောမဆိုဘဲနဲ့ခေါ်သွားတယ်။ ကျွန်တော်အထင်တော့ တောင်ပေါ် စစ်ကြောရေးစခန်း(နတခ) ကိုခေါ်သွားတယ်ထင်တယ်” ဟု ကို၀င်းထွန်းနိုင် နှင့် ရင်းနှီးသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

ပုသိမ်ထောင် ဆူပူမှုဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးသေဆုံးကာ၊ ၆၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ထောင်၀န်ထမ်း ၁၁ ဦးဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် အကျဉ်းသားများက ရမ်းကားမှုများပြုလုပ်ခြင်းကြောင့် ဖြိုခွဲနှိမ်နှင်းရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး နိုင်ငံရေးအကျဉ်းသားများ ၈ ဦး ကို ထောင်မှူးနှင့် အကျဉ်းထောင်၀န်ထမ်းများက ဖမ်းဆီးရိုက်နှက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည့် အကျဉ်းထောင်ဆူပူမှုဖြစ်စဉ်ကို ထိန်ချိန်ကာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဓာတ်ပုံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပုသိမ်အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ကိုဝင်းထွန်းနိုင် #မစန္ဒာအေး