စစ်တပ်က လွိုင်ကော်မြို့ကို PDF တွေ မီးရှို့နေတဲ့ မြင်ကွင်းဆိုပြီး ဖြန့်နေတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 10, 2023

ကရင်နီပြည်နယ် ၊ လွိုင်ကော်ခရိုင်မှာ ပါ၀င်တဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ လွိုင်ကော်မြို့ကို PDF တွေက  မီးရှို့နေတဲ့ မြင်ကွင်းဆိုပြီး မီးလောင်မှုဖြစ်စဥ် Video တစ်ခုကို စစ်တပ်လော်ဘီ Telegram Channel နဲ့ Facebook အကောင့်တွေမှာ မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ တပြိုင်တည်း ဖြန့်ဝေလာခဲ့ကြပါတယ်။

 

“လွိုင်ကော် ဒကစ နဲ့ တပ်တွေ အားလုံးက အေးဆေး လွိုင်ကော် အခြေအနေက ကယား ပဒက်အတွက် ဆုတ်လည်းဆူး စားလည်းရူး ဖြစ်နေပါပြီ။ဘယ်တပ်ကိုမှလည်း မတိုက်နိုင် ဆုတ်ရင်လည်း စစ်ရှုံးမယ်၊ ဆက်တိုက်နေတော့လည်း အကျအဆုံးက တနေ့ထက်တနေ့ များလာတယ်။ အဲ့တော့ သေမထူးနေမထူး ဖြစ်လာတယ် ၊စစ်နဲ့ မသက်ဆိုင်သော အရာအားလုံးကို မီးရှို့ဖျက်စီး တယ်” လို့ စာသားတွေနဲ့အတူ  စစ်ကောင်စီလော်ဘီ Kyaw Swar Telegram ကနေ Videoတစ်ခုကို စတင်ဖြန့်ဝေလာတာကို တွေ့ရပြီးတော့ CJ Platform ကနေ အချက်အလက် စစ်ဆေးခဲ့တဲ့ နေ့လယ် ၁၁ နာရီခွဲ ၀န်းကျင်မှာ Like & react ၆၀၀ ကျော် ၊ မှတ်ချက် ၄၅ ခုနဲ့ ကြည့်ရှုသူ ၂၃၀၀၀ အထိ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

 

ကြည့်ရန် Link – https://archive.ph/Gp3zk

 

ဒီသတင်းကို  စိစစ်ကြည့်တဲ့အခါမှာ ဖြစ်စဥ်ဟာ စစ်တပ်ရဲ့ လက်နက်ကြီးပစ် မီးရှို့မှုကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့ ပြည်သူတွေကြား ထင်ယောင်ထင်မှားဖြစ်စေဖို့ အတွက် အချက်အလက်တွေကို လိုသလိုအသုံးပြုပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး  စုံစမ်းခဲ့ရာမှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် မီးရှို့ဖျက်ဆီးလိုက်တာကြောင့် တစ်စျေးလုံး ပြာကျပျက်စီခဲ့တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

သီးခြားလွတ်လပ်သော ကရင်နီသတင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kantarawaddy Times ရဲ့ ဖော်ပြချက်မှာလဲ (၁၁.၁၁) မြို့ပြစစ်ဆင်ရေးဆင်နွဲနေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်စောပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင် ပြာကျခဲ့ရတယ်လို့ ဆိုထားပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရန် – https://bitly.ws/35dK3

 

ဒီသတင်းမှားကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားကတော့ တကယ့်အစစ်မှန် သတင်းအရင်းအမြစ်ရဲ့ အမည်ကို အယောင်ဆောင် ယူသုံးထားတာဖြစ်ပြီးတော့ အယောင်ဆောင်တင်ဆက်ချက် (Imposter Content) ဖြစ်နေတာ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news