စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် ဒီပဲယင်းမှ ကလေး ၃ ဦးအပါအ၀င် အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်သေဆုံး

Author မင်းထက်
Categories
Published on Nov 03, 2023

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒီပဲယင်းဘက်ဦးတည်ကာ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်ခြင်း၊ ရေဦးအနောက်ခြမ်းသို့ ဦးတည်ကာ လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်ခြင်းကြောင့် ဒီပဲယင်းမြို့နယ်မှ ကလေးငယ်သုံး ဦးအပါအ၀င် အပြစ်မဲ့ပြည်သူ ငါး ဦး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့မှ CJ Platform သို့ပြောသည်။

“လက်နက်ကြီးတွေနဲ့ ရမ်းထုတယ်ပေါ့ဗျာ။ တညလုံးနီးပါးပဲ ဒီပဲယင်းဘက်ကို ဦးတည်ပစ်တယ်၊ ရေဦးအနောက်ခြမ်းကို ဦးတည်ပစ်တယ် အားလုံးပေါင်း လက်နက်ကြီးနဲ့ ၁၉ ကြိမ်လောက်ထိ ပစ်ခတ်ခဲ့တယ်” ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးမှ ပြောသည်။

နို၀င်ဘာလ ၁ ရက်နေ့ ညနေ (၄)နာရီ(၄၇)မိနစ်ခန့်အချိန်တွင် ဒီပဲယင်းမြို့နယ်သို့ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ အမျိုးသမီး နှစ် ဦး သေဆုံးကာ ကလေးငယ် သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သုံးနာရီ၊ လေးနာရီလောက်ကနေ ရေဦးဘက်ကစပစ်တာ ၊ ရွာထဲကို လက်နက်ကြီး သုံးလုံးကျတယ် ။ တစ်လုံးက စာသင်ကျောင်း တောင်ဘက်နားတစ်လုံးကျတယ်။တစ်လုံးက ရွာထဲက အိမ်ပေါ်ကျတယ် ပျက်ဆီးမှုရှိခဲ့တယ်၊ အဲ့လိုတွေပစ်လို့ မနေ့ကတည်းက ထွက်ပြေးလာရတာ ခုထိပါပဲ” ဟု ဒေသခံပြည်သူတစ်ဦးမှ ပြောသည်။

ဒဏ်ရာရ ကလေးငယ် သုံး ဦးတွင် အသက် ငါးနှစ်ခန့် ကလေးငယ်တစ်ဦး စိုးရိမ်ရ ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ကျန်ကလေးငယ်နှစ်ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။

လက်နက်ကြီး အန္တရာယ်ကြောင့် လက်ယက်ကုန်းကျေးရွာ ပြည်သူများသည် ယနေ့အထိ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၈ ရက်မှ ၂၈ ရက်နေ့အထိ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို တပ်သား အင်အား ၁၀၀ ကျော်ဖြင့် ၈ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက်ခဲ့ပြီး အရပ်သားပြည်သူများ ရှစ် ဦးကို သတ်ဖြတ်ခြင်းသာမက ၊ ပြည်သူ ၂၁ ဖမ်းဆီးသွားခဲ့​ပြီး ကနဦးသတင်းအရ ကျွန်တောကြီးရွာမှ ပြည်သူ နှစ်ဦးနှင့် အုန်းတင်းကျေးရွာမှ ပြည်သူတစ်ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

နို၀င်ဘာ ၁ ရက်နေ့တွင် ရှမ်းတောမှ ပြည်သူ (၇)ဦး ၊ ကံပြားမှ ပြည်သူ (၂) ဦးအား ဒီပဲယင်းမှ ပြန်လွှတ်‌ခဲ့ ကြောင်းသိရသည်။ ပြည်သူ ၁၂ ဦး လွတ်မြောက်လာခဲ့ကြောင်း၊ ဖမ်းဆီးခံသူ ၂၁ ဦးတွင် အမည်မသိသတ်ခံရသူ ၂ ဦးပါ၀င်ကြောင်းတွေ့ရပြီး ကျန်ရှိနေသောပြည်သူများမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့မှ ပြောသည်။