စစ်ဆေးရေးလုပ်နေသည့် PDF အဖွဲ့နှင့် စစ်သားများလိုက်ပါလာသည့် အိမ်စီးကား ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ် ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြီးတစ်ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Jan 28, 2023

 

စစ်ဆေးရေးလုပ်နေသည့် PDF အဖွဲ့နှင့် စစ်သားများလိုက်ပါလာသည့် အိမ်စီးကား ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြီးတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာ၀န်ရှိသူက CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် ပေါက်မြို့နယ်၊ အုန်းတောရွာအနီး PDF များ က စစ်ဆေးရေး လုပ်နေချိန် Mark-2 ကားဖြင့်လာသည့် စစ်သားများနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ အဲ့ဒီကားပေါ်မှာ စစ်သားလေးယောက် ပါလာတယ်။ သုတို့ဘက်က ကျွန်တော်တို့ စစ်ဆေးနေတာကို မြင်တော့ အရင်ဆုံးပစ်တာ၊ အဲ့ဒါနဲ့ ကျွန်တော်တို့ အဖွဲ့တွေကလည်း ဝိုင်းပြီး ပြန်ပစ်တာ၊ကားပေါ်မှာ လေးယောက်ပါလာတာ၊ ၂ယောက်သေပြီး တစ်ယောက် ဒဏ်ရာရသွားတယ်။ သေသွားတဲ့ နှစ်ယောက် အလောင်းကိုတောင် မသယ်နိုင်ဘူး။ ဒဏ်ရာရထားတဲ့ တစ်ယောက်နဲ့ အခြားတစ်ယောက်က ကားကိုပါထားပြီး ထွက်ပြေးသွားတယ်” ဟု တာ၀န်ရှိသူက ပြောကြားသည်။

သေဆုံးခဲ့သူ နှစ်ဦးအနက် တစ်ဦးသည် ဗိုလ်ကြီးဖြစ်ပြီး၊ နောက်တစ်ဦးသည် တပ်ကြပ်ကြီးဖြစ်ကြောင်း၊ တပ်တွင်း သတင်းပေးချက်အရ ဒဏ်ရာရရှိခဲ့သူတစ်ဦးသည်လည်း ဗိုလ်အဆင့်ရှိသူဖြစ်ကာ လက်ရှိတွင် ဆေးရုံတက် ကုသနေရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ပေါင်နှင့် ခြေဖနောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ MA-3 တစ်လက်၊ ကျည်ဘောက် ၁ခု၊ ကျည် ၆၈ တောင့်၊ စကားပြောစက် ၁လုံးနှင့် ကျည်ကာအင်္ကျီတစ်ထည်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း သိရသည်။

အထက်ပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်၊ မြိုင် ပကဖ ရင်း ၁၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့ နှင့် YDF တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင်လည်း မြိုင်မြို့နယ်၊ Well-2 ရေနံမြေစခန်းကို မိုင်းရှင်းရန် ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများကို တဲကြီးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်အဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့သေးကြောင်းလည်းသိရသည်။

ဓာတ်ပုံ-မြိုင် ပကဖ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပေါက်မြို့ #အုန်းတောရွာ #မြိုင်ပကဖ