စစ်ဆင်ရေး (၇) ရက်မြောက်နေ့ဖြစ်သော ယနေ့ နှစ်နာရီခွဲအချိန်ထိ မြို့လေးမြို့၊ သံချပ်ကာ ကားခြောက်စီးနှင့် စခန်းပေါင်း (၉၀) ကျော်သိမ်းယူထားပြီးပြီဟု ညီနောင်မဟာမိတ် သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Nov 02, 2023

၁၀၂၇ စစ်ဆင်ရေး (၇) ရက်မြောက်နေ့ နေ့လယ် နှစ်နာရီ ၃၀မိနစ်အချိန်ထိ မြို့လေးမြို့၊ တင့်ကား(၆) စီးနဲ့ တပ်စခန်း အကြီး၊ အသေး၊ ယာယီတပ်စခန်းပေါင်း (၉၀) ကျော် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီကနေ့ နေ့လယ် နှစ်နာရီခွဲအချိန်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

 

ညီနောင်မဟာမိတ်တပ်တွေဟာ လက်ရှိအချိန်မှာ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့လေးမြို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီလို့ဆိုပါတယ်။

 

အောက်တိုဘာ (၃၁) ရက်နေ့က မူဆယ်ခရိုင်၊ မုံးကိုးမြို့ ဖောင်းဆိုင်ဒေသမှာ ရန်သူ့သံချပ်ကာ ကား(၁၀) စီး ထပ်မံဖျက်ဆီးနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ဖျက်ဆီးသိမ်းဆည်းနိုင်ခဲ့တဲ့ သံချပ်ကာ ကားစုစု‌ပေါင်း (၆) စီး ဖျက်ဆီးသိမ်းဆည်းနိုင်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒီကနေ့မနက်မှာပဲ ကိုးကန့်ခရိုင် တုန်ရှမ်းဒေသက ရန်သူ့တပ်စခန်း (၂) ခုကို သိမ်းနိုင်ခဲ့ပြီလို့ ဆိုထားတဲ့အတွက် တစ်ပတ်တာအတွင်း သိမ်းယူနိုင်ခဲ့တဲ့ စစ်ကောင်စီ တပ်စခန်းပေါင်း (၉၀) ကျော်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်ထိလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သိန္နီနဲ့ ကွမ်းလုံမြို့များမှာ စစ်ရေးတင်းမာလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးစကတည်းက စခန်းအမြောက်အမြားလက်လွှတ်ရပြီး သံချပ်ကာကား(၆) စီးအပြင် တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်မှုတွေပါ ကြုံနေရတဲ့ စစ်ကောင်စီဟာ ပြင်ဦးလွင်ကတဆင့် သံချပ်ကာ ကား(၂) စီးအပါအဝင် ရာနဲ့ချီတဲ့ စစ်အင်အားဖြည့်တင်းမှုတွေလုပ်နေတာကြောင့် ရှမ်းပြည်နယ်မြောင်ပိုင်းသွားရာ လမ်းတလျှောက်မှာလည်း စစ်ရေးတင်းမာလျက်လည်းရှိပါတယ်။