စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့တွင် ကွမ်းလုံမြို့နှင့် စခန်း(၃) ခု ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Nov 10, 2023

၁၀၂၇ စစ်ဆင်ရေး (၁၄) ရက်မြောက်ဖြစ်သည့် ယမန်နေ့ (နိုဝင်ဘာ ၉ ရက်) တွင် ကွမ်းလုံမြို့နှင့် စစ်ကောင်စီ၏ တပ်စခန်းသုံးခု ထပ်မံသိမ်းယူနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ည (၁၀) နာရီ (၁၀) မိနစ်တွင် ထုတ်ပြန်ခဲ့သည်။

 

ကွမ်းလုံမြို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေပြီး ကွမ်းလုံမြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပန်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သိမ်းယူနိုင်ခဲ့သော စခန်းသုံးခုမှာ ကိုးကန့်ခရိုင်၊ ရှီရှမ်းဒေသရှိ တပ်စခန်းနှင့် တုန်ရှမ်းဒေသ ရှီယွင်ကြည်ကျေးရွာအနီးရှိ “ဟဲ့ဟုတ်တောင်စခန်း” အပါအဝင် စခန်းနှစ်ခုတို့ဖြစ်ကြောင်းနှင့်  တုန်ရှမ်းဒေသရှိ အဆိုပါ စခန်းနှစ်ခုကို သိမ်းပိုက်လိုက်နိုင်ပြီးနောက် ဟဲ့ဟုတ်တောင်ပေါ်ရှိ အဓိကဗျူဟာကုန်းနှင့် အရံစခန်းများအားလုံး အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

လက်ရှိတွင် ညီနောင်သုံးဖွဲ့၏ စစ်ရေးပစ်မှတ်များအနက် တစ်ခုဖြစ်သော “လောက်ကိုင်မြို့သိမ်းတိုက်ပွဲ” အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မဟာဗျူဟာမြောက်ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသော စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နှင့် ဆက်စပ်နေသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်ချက်အရ သိရသည်။

 

ယခုလက်ရှိအချိန်ထိ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တပ်စခန်း‌ပေါင်း (၁၅၀) ကျော်အပြင် ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံစသည့် မြို့ခြောက်မြို့အထိ သိမ်းပိုက်ထားနိုင်ထားပြီဖြစ်ပြီး သံချပ်ကာကား (၇) စီးအပါအဝင် လက်နက်ခဲယမ်း မြောက်မြားစွာကိုလည်း သိမ်းယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။