စစ်ဆင်ရေး ပထမအဆင့် ပြီးဆုံးရန် မြို့တစ်မြို့သာ ကျန်တော့သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူပြော စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေးအတွက် အဆုံးထိ ပါဝင်သွားမည်ဟု ဆို

Author အဂ္ဂ
Categories
Published on Dec 03, 2023

ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ မုံးကိုး၊ သိန္နီ၊ ကွမ်းလုံ စသည့်မြို့များအပြင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၈၇)ခုထက်မနည်း သိမ်းဆည်းထားနိုင်သည့် ကိုးကန့်တပ် MNDAA မှ ၎င်းတို့၏ စစ်ဆင်ရေး ပထမအဆင့်ပြီးဆုံးရန် မြို့တစ်မြို့သာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း MNDAA၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းမှ CJ Platform သို့ ပြောသည်။

 

“ကျွန်တော်တို့ ဒီ operation ရဲ့ ပထမအဆင့်ကတော့ ပြီးဆုံးတော့မှာပါ၊ နောက်ဆုံးတစ်မြို့ပဲ ကျန်ပါတော့တယ်” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောသည်။

 

ကိုးကန့်တပ်များ သိမ်းရန်ကျန်သည့် နောက်ဆုံးမြို့သည် လောက်ကိုင်မြို့ဖြစ်နိုင်ဖွယ်ရှိသည်ဟု စစ်ရေးသုံးသပ်သူများမှ ခန့်မှန်းထားကြပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်နေ့တွင် လောက်ကိုင်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးနီးပါးကို MNDAA မှ သိမ်းဆည်းထားနိုင်ခဲ့ကာ လောက်ကိုင်မြို့ကို ပိတ်ဆို့ ဝန်းရံထားနိုင်ခဲ့သည်။

 

နိုဝင်ဘာ (၁၈) ရက်နေ့ကလည်း လောက်ကိုင်မြို့ရှိအရပ်သားများကို MNDAAက သတိပေးချက်လေးချက် ထုတ်ပြန်ခဲ့ပြီး ထိုသတိပေးချက်တွင် စစ်ကောင်စီ အုပ်ချုပ်ရာဌာနနှင့် တပ်စခန်းများနှင့် ဝေးဝေးနေရန်ဆိုသည့် အချက်ပါ ပါဝင်သည်။

 

အလားတူပင် နိုဝင်ဘာ (၂၅) ရက်နေ့တွင် ထုတ်ပြန်သည့် ညီနောင်သုံးဖွဲ့၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင်လည်း ကိုးကန့်တို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် လောက်ကိုင်မြို့သိမ်းတိုက်ပွဲ မကြာခင်လာတော့မည်ဟု ထည့်သွင်းဖော်ပြထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင်ပင် နိုဝင်ဘာ (၂၇) တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Nation Wide Operation အဖြစ် တော်လှန်ရေးတစ်ဆင့် မြှင့်မည်ဖြစ်ကြောင်း‌ ဖော်ပြထားပြီး ပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

 

“ Nation Wide Operation လို့ ထုတ်ပြန်ထားတဲ့အတိုင်း ကျွန်တော်တို့လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ‌ ဖော်ဆောင်သွားဖို့ ရှိတယ်၊ စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးကို အဆုံးထိတိုင် ကျွန်တော်တို့ ပူးပေါင်းပါဝင် သွားမှာဖြစ်တယ်” ဟုလည်း လီကျားဝင်းက ဖြည့်စွက် ပြောသည်။

 

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၄င်းတို့ အခြေစိုက်လှုပ်ရှားရာ စစ်ဒေသအသီးသီးတွင် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိပြီး ကိုးကန့်တပ် (MNDAA) က မြို့ ခြောက်မြို့ ၊ စစ်ကောင်စီတပ်စခန်းပေါင်း (၁၉၀) နီးပါး သိမ်းယူထားနိုင်ခဲ့ကြောင်း ၊ တအာင်းတပ်မတော် (TNLA) ကလည်း နမ့်ခမ်းမြို့နှင့် စစ်ကောင်စီတပ်စခန်း (၄၈) ခုထက်မနည်းကို သိမ်းယူထားနိုင်ခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာ (၁၃) ရက်မှစတင်ကာ တကျော့ပြန် စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေသည့် ရက္ခိုင်ပြည်တွင်လည်း ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီတပ်များ စွန့်ခွာသွားသည့် တပ်စခန်းများ အပါအဝင် တိုက်ခိုက်သိမ်းပိုက်ကာ နေရာယူထားနိုင်သည့် တပ်စခန်းပေါင်း (၄၄) ခု အထိရှိနေပြီဟုလည်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

 

ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်များတွင် ရှမ်းမြောက် တခွင်နှင့် ရက္ခိုင်ပြည်တို့တွင် ဟန်ချက်ညီ စစ်ဆင်ရေးများကို  တစ်ရက်ပြီးတစ်ရက် ဆင်နွှဲနေပြီး ရည်မှန်းထားသော နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ ဆက်လက် အကောင်အထည်ဖော်ရန် စစ်ရေးအရှိန်ကို မြှင့်တင်သွားမည်ဟု ဖော်ပြထားသည်။

 

ဓာတ်ပုံ – The KoKang

 

ပုံစာညွှန်း – ကုန်းကြမ်းစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ကိုးကန့်တပ်ဖွဲ့ဝင်များအား မြင်ရပုံ