စစ်ကော်မရှင် ရွေးကောက်ပွဲမှာ ပါဝင်မယ့် ဝန်ထမ်း ၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်

Author CJ Platform
Categories
Published on Aug 16, 2025

မွန်ပြည်၊ သံဖြူဇရပ်-ရေး ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်မယ့် Non-CDM ဝန်ထမ်း ၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

သံဖြူဇရပ်-ရေး အမြန်လမ်းပေါ်မှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က လုံခြုံရေးအတွက် စစ်ဆေးမှုတွေ လုပ်နေစဉ် Non-CDM ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

 

“ဒီရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မပြုဖို့အတွက် သတိပေးထားပြီးသား ဖြစ်တယ်။ ကျွန်မတို့အနေနဲ့ကတော့ ဒီသတိပေးမှုအပေါ် အခြေခံပြီးတော့ ဆက်လက်ပြီး အရေးယူဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံခဲ့ရသူတွေဟာ Non-CDM ပညာရေးဝန်ထမ်းတွေ ဖြစ်ပြီး ရေးမြို့နယ် ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သင်တန်းသွားတက်မယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

MSRF အနေနဲ့ ဖမ်းဆီးရမိသူတွေကို ၂၄ နာရီကြာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မနေ့က ဩဂုတ်လ ၁၅ ရက်နေ့မှာ သူတို့ရဲ့ မိသားစုဝင်တွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

 

Non-CDM ဝန်ထမ်းတွေကို ပြန်မလွှတ်ခင်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ခြင်း မပြုတော့ပါဘူးဆိုတဲ့ ခံဝန်ကတိကို လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မွန်ပြည် ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးလမ်းညွှန်မှုအတိုင်း အရေးယူဆောင်ရွက်တာသာ ဖြစ်ပြီး ဖြည့်စွက်ပြီး မှတ်ချက်ပြုစရာ မရှိဘူးလို့ MSRF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

ရေးမြို့နယ်က ရွေးကောက်ပွဲအတွက် ပါဝင်ဆောင်ရွက်မယ့် Non-CDM ဝန်ထမ်းတွေရဲ့ စာရင်းကို ကြိုတင်ရရှိထားပြီးဖြစ်တာကြောင့် စစ်ကော်မရှင်က ရွေးကောက်ပွဲ မလုပ်နိုင်ဖို့ တားဆီးသွားမယ်လို့ မွန်တော်လှန်ရေးတပ်၊ ရေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေါနတပ်ရင်းတို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

 

ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေ၊ Non-CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ပြုလုပ်မယ့် သူတွေနဲ့အတူ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းတွေ မပြုလုပ်ဖို့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

 

ဓာတ်ပုံ – MSRF