စစ်ကောင်စီ ၏ လက်ရှိ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ရဲ့ ဇာတိကျေးရွာကို PDF များက စီးနင်းတိုက်ခိုက် ၁၅ ဦးခန့် သေဆုံး

Author မင်းထက်
Categories
Published on Jan 28, 2024

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော် ဇာတိဖြစ်သော ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်သားနှင့်ပျူ ပူးပေါင်း စခန်းများကို  စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦး က CJ Platform သို့ ပြောသည်။

 

ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ စစ်သားနှင့်ပျူ ပူးပေါင်းတပ်စခန်းများကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်  မနက် ၁ နာရီ ၅၀ မိနစ်ခန့်က ခရိုင်ပကဖလှုပ်ရှားအဖွဲ့ ၊ မြို့နယ်ပကဖေ၊‌ ရွှေဘိုခရိုင်တပ်ရင်း ၂၅၊  ကန့်ဘလူခရိုင် တပ်ရင်း ၄ ရပ်ကျေး ပကဖ ပူးပေါင်းအဖွဲ့များ စုပေါင်းကာ စခန်းသိမ်းခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သားနှင့်ပျူ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံက သိရသည်။

 

” စကစ၁၀ကျော်နဲ့ ပျု၃၀ကျော်လောက် ရှိပါတယ်။ ရွာထဲမှာလဲ ၃ နေရာလောက် ဖြန့်ထားပြီး ရွာရဲ့အနောက်ဘက် ရေဦးတန့်ဆည်ဘက်ထွက်တဲ့လမ်း အနီးမှာ စကစစခန်းရှိပါတယ် စကစစခန်းကုန်း ဘန်ကာ၁ခုအကျန် လေကြောင်းရန်နှင့် ဇီးကုန်းဘက်မှ ၁၂ဘီးကားဖြင့် စကစ စစ်ကူလာသောကြောင့် စခန်းသိမ်းကာနီးမှာ ပြန်ဆုတ်ခဲ့ပါတယ်” ဟု မြို့နယ်ပကဖ တာ၀န်ရှိသူတစ်ဦးကပြောသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ လက်နက်တချို့ဖြစ်သော ကာဘိုင် ၂ လက်၊ MA1 ၁ လက်၊ G3 ၁ လက်၊ အိန္ဒိယပြောင်းချော ၃ လက်၊ ပစ်စတို ၁ လက်၊ လက်လုပ်အတို ၁ လက်၊ ကျည်ဘောက် ၅ ခု နဲ့ ကျည်တွေ၊ Jammer စက် ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တော်လှန်ရေးသမားတိုင်းသည် ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ စီးနင်းလုယက်ခြင်းများ၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို မလုပ်ဘဲ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပကဖ က ဆိုသည်။

 

ဇန်န၀ါရီလ ၂၆ ရက်နေ့က တိုက်ပွဲငြိမ်သက်သွားသောအချိန်တွင် ကာဘိုးကျေးရွာပြည်သူတချို့ အပြင်ထွက်လာကြသည်ကို တွေ့မြင်ရကြောင်း ၊ ယမန်နေ့ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ပြည်သူများကို စစ်ကောင်စီတပ်မှ အပြင်ထွက်ခွင့် ပိတ်ပင်ထားပြီး စစ်ကောင်စီဘက်က ကား ၆ စီး ကန့်ဘလူဘက်သွားရန် စီစဥ်ထားကြောင်း ယင်းမြို့နယ် ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

“ကန့်ဘလူမြိုနယ် တောင်ခြမ်း ကာဘိုးစံပြရွာရှိ စစ်အုပ်စုနဲ့ ပျူစခန်းတွေကို မနေ့က ညပိုင်း တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိတယ်လို့ ”  ကန့်ဘလူနယ် ဒေသတွင်း သတင်းများ တင်ဆက်နေသည့် Infinity Group က ယမန်နေ့  ဇန်န၀ါရီ ၂၆ ရက်က ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၀ ရက်နေ့က ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာအပါအ၀င် ကျေးရွာ ၄ ရွာ တွင် PDF အန္တရာယ် ကာကွယ်နိုင်ရေးဆိုသည့် ခေါင်းစဥ်ဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်များအား ပျူဆရာတော် ဦးဝါသဝနှင့် အဖွဲ့က အားပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ လော်ဘီတွေက ဖြန့်ဝေလာခဲ့ပြီး ယမန်နေ့ ၂၆ ရက်နေ့ ကာဘိုးတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သားနှင့်ပျူ ၁၅ ဦးထက်မနည်း ဆုံးရှုံးခဲ့ရသည်။

 

ဤဖြစ်ရပ်အပေါ်မှာပင် စစ်ကောင်စီလော်ဘီများက ကန့်ဘလူ၊ ကာဘိုးစခန်းတွင် PDF ၅ ဦးကျော်သေဆုံး ၊၁၅ ဦး ထိခိုက်ဒဏ်ရာရဆိုသည့် စာသားများနဲ့ သတင်းအမှားအချို့ပါ ယမန်နေ့ ဇန်န၀ါရီ ၂၆ ရက်က  အခြေအနေအခင်းအကျင်းအမှား ( False Context )ဖြင့်  သတင်းအမှားအတချို့ပါ ဖြန့်ဝေထားသည်။

 

၄င်းအခြေနေများနှင့်ပက်သက်၍ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ-ပကဖ ကသတင်းထုတ်ပြန်တွင်မူ ကာဘိုးကျေးရွာပျူအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ခဲ့သည့်တိုက်ပွဲ၌ စစ်သားနှင့်ပျူ ၂၅ ဦးကျဆုံးပြီး ၁၁ဦး ဒဏ်ရာရကြောင်း၊  ထို့ပြင် PDFရဲဘော် ၄ ဦး နှင့် ပကဖရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ကန့်ဘလူနယ် ကာဘိုးရွာ ဇာတိ ဖြစ်ပြီး စစ်အာဏာမသိမ်းခင်က စစ်ဗိုလ်ချုပ်ဟောင်း၊ ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ် အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ စစ်ကောင်စီ စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဖြစ်လာသည့် ၂၀၂၁ ခုနှစ် ပွဲဦးထွက်နှစ်တွင်   နိုဝင်ဘာလ ၁၉ ရက်နေ့၌  ထိုသူ လိုက်ပါစီးနင်းလာတဲ့ယာဉ်တန်းကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ၊ထိုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ က တစ်ကြိမ် စစ်ကိုင်းမြို့နယ် တွင်းတွင် တစ်ကြိမ် PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

 

ဓာတ်ပုံ – ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့