စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ၌ အမေစု ဟု သုံးနှုန်းခဲ့သည့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံရဟု သတင်းထွက်ပေါ်

Author မွန်လေး
Categories
Published on Nov 21, 2022

နို၀င်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “အမေစု” ဟု သုံးနှုန်းခဲ့သည့် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတစ်ခုဖြစ်သည့် MHT News မှ သတင်းထောက် ဖြစ်သူ ဦး၀င်းဦး ဖမ်းဆီးခံထားရသည်ဟု စစ်ကောင်စီနှင့် အဆင်ပြေသည့် နေပြည်တော် သတင်းထောက်အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ဦး၀င်းဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဖမ်းဆီးခံထားရသည့် သတင်းထောက်များကို ပြန်လွှတ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ရာတွင် ဇော်မင်းထွန်းမှ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ကြောင်း ရုပ်သံမှတ်တမ်းများ အရသိရသည်။

ထိုကဲ့သို့ မေးမြန်းရာတွင် အမေစု ဟု ထည့်သွင်း သုံးနှုန်းမေးမြန်းခဲ့ခြင်းဖြစ်ပြီး၊ သတင်းစာရှင်းလင်းပွဲပြီးနောက် ဦး၀င်းဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နေပြည်တော် သတင်းထောက်အသိုင်းအဝိုင်းမှ သိရသည်။
“ဖမ်းထားတယ်ကြားတယ်၊ ဖြစ်ဖို့များတယ် သူ့ကို မတွေ့မိဘူး၊ သတင်းစာရှင်းလင်းပွဲကို လွှတ်တော်လိုပါပဲဆိုပြီး မြှောက်ပြောရင်းကနေ အရှိန်တက်ပြီး နိုင်ငံတော်ရဲ့ မေတ္တာအရ ပြန်လွှတ်ပေးတာ ဝမ်းသာတယ်တို့၊ နိုင်ငံရေးအကျဉ်းသားတွေက ဂျင်းထည့်ခံရတာတို့လျှောက်ပြောတာကနေ စကားမှားပြီးပါသွားတာ”ဟု နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။

ဦး၀င်းဦးအား စစ်ကောင်စီက မည်ကဲ့သို့သော ပုဒ်မများဖြင့် ဖမ်းဆီးခဲ့သည်ကို CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

MHT News သတင်းဌာနသည် စစ်ကောင်စီအား ထောက်ခံအားပေးသူ ဦးအောင်မင်း တည်ထောင်ထားခြင်းဖြစ်ပြီး၊ စစ်ကောင်စီဝါဒဖြန့်သည့် သတင်းများကို ဦးစားပေးဖော်ပြသည့် သတင်းဌာနတစ်ခု ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ သတင်းဌာနအမည်ခံ ဝါဒဖြန့်ချီရေး Facebook Page သုံးခုမှ အက်ဒမင်အချို့က ငွေကျပ်သိန်းသုံးရာ လိမ်လည်တောင်းခံကာ ထွက်ပြေးနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး CJ Platform မှ သီးခြားသတင်းအတည်ပြုနိုင်ရန် စုံစမ်းနေစဲဖြစ်ပြီး မကြာမှီ CJ Platform ပရိသတ်များအတွက် သတင်းထုတ်ပြန် တင်ဆက်သွားမည်ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးဝင်းဦး #အမေစု #သတင်းစာရှင်းလင်းပွဲ