စစ်ကောင်စီ လော်ဘီတစ်ဦးဖြစ်သူ People Media အယ်ဒီတာချုပ် ကိုကျော်စိုးဦး စစ်တပ်ကို ဝေဖန်သည်ဟုဆိုကာ ဖမ်းဆီးခံရ

Author လင်းနွေဦး
Categories
Published on Mar 21, 2024

စစ်ကောင်စီ လော်ဘီတစ်ဦးဖြစ်သူ နေပြည်တော် အခြေစိုက် People Media မှ အယ်ဒီတာချုပ် ကိုကျော်စိုးဦးကို စစ်ကောင်စီမှ ၎င်းတို့အား ပြန်လည်ဝေဖန်သည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ၁၉ ရက်နေ့  အင်္ဂါနေ့ ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယနေ့ညနေတွင် နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း Myanmar Now သတင်းဌာန ဖော်ပြချက်အရ သိရသည်။

 

ကိုကျော်စိုးဦးသည် Follower တစ်သိန်းကျော်ရှိသည့် People Media နှင့် Follower လေးသောင်းကျော် ရှိသည့် (U Kyaw Soe Oo) တယ်လီဂရမ် ချန်နယ်များ၏ ပဲ့ကိုင်ရှင် ဖြစ်ကာ စစ်ကောင်စီအား ထောက်ခံသည့် သတင်းအကြောင်းအရာများကို မကြာခဏဆိုသလို ရေးသားတင်ဆက်လက်လေ့ရှိပြီး တော်လှန်ရေးအင်အားစုများနှင့် လွတ်လပ်သည့် မီဒီယာဌာနများအား အပုတ်ချ တိုက်ခိုက်လေ့ရှိသူလည်း ဖြစ်သည်။

 

၎င်းဖမ်းဆီးခံရသည့် အကြောင်းအရင်းမှာမူ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ၎င်းကိုယ်တိုင် လွှင့်တင်ခဲ့သည့် ရုပ်သံဖိုင်ကြောင့် ဖြစ်နိုင်သည်ဟု Myanmar Now သတင်းဌာနမှ ရေးသားထားပြီး CJ Platform မှလည်း ပြန်လည်ရှာ‌ဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 

ယင်းရုပ်သံအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတို့ကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် ရဲအုပ်နေလင်းဟိန်း၏ နာရေးသို့ အထက်အရာရှိများမှ သွားရောက်မှု မရှိဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ကို တွေ့ရှိရသည်။

 

“ဘာတွေကြောက်နေတာလဲ၊ ခင်ဗျားတို့ကို ပေးထားတဲ့ သေနတ်တွေရှိတယ်လေ ခါးမှာ၊ ခင်ဗျားတို့ကို ပေးထားတဲ့ ကျည်ကာတွေရှိတယ်လေ၊ သွားစမ်းပါ။ ကြိုက်သလိုသွားစမ်းပါ”ဟု စစ်ကောင်စီကို ထောက်ခံလေ့ရှိသူ ကိုကျော်စိုးဦးမှ ယင်းရုပ်သံဖိုင်အတွင်း ပြောဆိုဝေဖန်ထားသည်။

 

ထို့ကြောင့်စစ်ကောင်စီ မှ ၎င်းကို ဖမ်းဆီးကာ နေပြည်တော် စစ်ကြောရေးစခန်း တစ်ခုတွင် နှစ်ရက်တာ ထိန်းသိမ်းပြီးနောက် ယနေ့မွန်းလွဲပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံး သို့ ရုံးထုတ်ကာ ချုပ်ရက်ရမန်ရယူပြီးနောက် ညနေပိုင်းတွင် နေပြည်တော် အချုပ်ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည် ဟု Myanmar Now သတင်းဌာနတွင် ရေးသားဖော်ပြသည်။

 

စစ်ကောင်စီသည် ၎င်းတို့အား ထောက်ခံသူပင်ဖြစ်စေကာမူ စစ်တပ်မကောင်းကြောင်း၊ အားနည်းချက်များကို ထောက်ပြဝေဖန်မှုများကို ပြုလုပ်လျှင်ပင် ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသည်။

 

ယခု ကိုကျော်စိုးဦးကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန မှ ရဲအရာရှိ တစ်ဦးမှ နာမည်ကြီးပုဒ်မ တစ်ခုဖြစ်သည့် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် စွဲဆိုခဲ့ခြင်းဖြစ်သည် ဟု Myanmar Now မှ ဆိုသည်။

 

ကိုကျော်စိုးဦးကို ဖမ်းဆီးပြီး မကြာမီပင် ၎င်း၏ သတင်းဌာနဖြစ်သည့် နေပြည်တော် ၊ဇဗ္ဗူသီရိမြို့နယ် ၊မြို့မဈေးအနီးတွင် ဖွင့်လှစ်ထားသော People Media ရုံးသို့ မှုခင်းရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေကာ လုပ်ငန်းသုံး ကွန်ပျူတာများ၊ ကင်မရာများနှင့် ဆက်စပ်ပစ္စည်းများ၊ဖုန်းများကို သိမ်းဆည်းသွားကြောင်းလည်း သိရှိရသည်။

 

၎င်းဖမ်းဆီးခံရပြီးနောက် People Media နှင့် တယ်လီဂရမ် ချန်နယ်များ၌ သတင်းတင်ဆက်မှုမှာလည်း ရပ်တန့်လျက်ရှိကြောင်း CJ Platform မှ စစ်ဆေးတွေ့ရှိရသည်။

 

စစ်ကောင်စီမှ အလားတူ ၎င်းတို့အား ထောက်ခံမှုမည်မျှပင် ရှိလင့်ကစား ဝေဖန်မှုများထွက်ပေါ်လာပါက ဖမ်းဆီးလေ့ရှိခြင်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တွင် NHP News သတင်းထောက် ဦးဝင်းဦး မှ ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်မကြိုက် အသုံးအနှုန်းဖြစ်သည့် “အမေစု”ဟု သုံးစွဲခေါ်ဝေါ်မှုဖြင့်လည်းကောင်း၊ ဒဲ့ပြောသတင်းဌာန မှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးသည် လည်း ကရင်အမျိုးသားအစည်း အရုံး (KNU) လက်အောက်ခံ လက်နက်ကိုင် တပ်များနှင့် ပတ်သတ်၍ စစ်ကောင်စီ သဘောမကျသည့် မေးခွန်းများ မေးမြန်းမှုတို့ဖြင့် ဖမ်းဆီးခဲ့သော ဖြစ်စဉ်များရှိခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်