စစ်ကောင်စီ လေကြောင်း/လက်နက်ကြီးရန်ရှိ၍ တစ်စုတဝေးထဲမနေကြရန် ရခိုင်ပြည်သူများကို ULA/AA သတိပေး

Author လဂွန်းအိမ်
Categories
Published on Jan 18, 2024

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးရန်ကြောင့် ရခိုင်ပြည်ရှိ အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးရခြင်းမှကာကွယ်နိုင်ရန် အဆောက်အအုံတစ်ခုတည်းတွင်နေထိုင်ခြင်း၊ လူစုလူဝေးလုပ်ခြင်းများကို ရှောင်ရှားရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က တိုက်တွန်းချက်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးရန်တို့မှ မိမိကိုယ်ကိုကာကွယ်နိုင်မည့်နည်းလမ်းများဖြင့် သတိထားနေထိုင်ကြရန် ULA/AA ၏ ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်)ထုတ်ပြန်ချက်အတွင်း တိုက်တွန်းထားသေးသည်။

 

ရက္ခိုင်ပြည်သူများအား လုံခြုံစွာနေထိုင်ကြရန် သတိပေးထားရသည့် ရက္ခိုင်တပ်တော် AA မှ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင်များအား တစ်နိုင်တစ်ပိုင် သွားရောက်ကူညီခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်ယနေ့တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံနိုင်စွမ်းမရှိဘဲ အရပ်သားပစ်မှတ်များတိုက်ခိုက်ခြင်း၊ မြို့ရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ မီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်​ခြင်းများပြုလုပ်သဖြင့် သမိုင်းဝင်အမွေအနှစ်များပျက်ဆီးသည့်အပြင် အရပ်သားပြည်သူများထိခိုက်/သေဆုံးရသည်အထိဖြစ်ပေါ်လျက်ရှိသည်ဟု AA က ဆိုသည်။

 

ထိုသို့ စစ်ကောင်စီကြောင့် ယခုရက်ပိုင်းအတွင်း မြောက်ဦး၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ကျောက်တော်၊  ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့အတွင်း အရပ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂၀ ဦးခန့်သေဆုံးခဲ့သည့်အပြင် နေအိမ်နှင့် အဆောက်အအုံအများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ညီနောင်အဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ညီနောင်မဟာမိတ်အဖွဲ့ဝင် AA သည် ဇန်နဝါရီလ ၁၆ ရက်နေ့က အခက်အခဲများအားလုံးစုပေါင်းရင်ဆိုင်လိုသည့်ဆန္ဒဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များကို တစ်နိုင်တစ်ပိုင် သွားရောက် ကူညီပေးခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။

 

စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် မိမိတို့သည် တသွေးတည်း၊ တသားတည်း အချိန်မရွေးရှိနေသဖြင့် မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိနေပါမူ လူမျိုး၊ ဘာသာမရွေး ခွဲခြားခြင်းမရှိ အတူရပ်တည်နေကြောင်း AA က ဆိုထားသည်။

 

ထို့ပြင် စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံးပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းဆိုသည်။