စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆုံးပါးခဲ့ရသည့် ကလေးငယ်များအတွက် ဝမ်းနည်းကြောင်း Unicef နှင့် Save The Childrenတို့ထုတ်ပြန်

Author ခေတ်နီ
Categories
Published on Sep 20, 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာ ကစာသင်ကျောင်းကို စစ်ကောင်စီကလေကြာင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဥ်အတွင်း သေဆုံးသွားသည့်ကလေးငယ်များအတွက် ဝမ်းနည်းပူဆွေးကြောင်း နိုင်ငံတကာအဖွဲ့များအဖြစ်သည့် UNICEF နှင့် Save The Childrenတို့ ထုတ်ပြန်ထားသည်။

လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအတွင်းရှိကလေးငယ် ၁၁ဦးသေဆုံးကာ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၂၀ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပဲဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအပေါ် Save the Children နှင့် UNICEF တို့အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး သေဆုံးခဲ့ရသည့်ကလေးငယ်များအတွက် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာပြီး ကလေးသူငယ်များနှင့် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း မပြုရန် Save the Children ကတောင်းဆိုထားသည်။

UNICEF နှင့် Save The Childrenတို့ထုတ်ပြန်ချက်များတွင် သေဆုံးခဲ့ရသည့် ကလေးငယ်များအတွက် ဝမ်းနည်းကြောင်းသာပါရှိပြီး ထိုသို့ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းအားရည်ညွှန်းဖော်ပြထားခြင်းမရှိသည့်အပေါ်ကိုလဲ မြန်မာပြည်သူများအနေဖြင့် ဝေဖန်မှုများရှိနေသည်။

“သူတို့က ဒီလိုပဋိပက္ခဒေသမှာရှိတဲ့ကလေးတွေရဲ့ အသက်ရှင်နေထိုင်ရေးကို အကာအကွယ်ပေးဖို့နဲ့ ကူညီပေးဖို့ဖွဲ့ထားတဲ့ INGOတွေလေ တကယ်ဖြစ်လာတဲ့အချိန်မှာ သူတို့နှုတ်ဆိတ်နေတာတွေ ပြည်သူကဝိုင်းပြောမှ ထုတ်ပြန်ချက်လေးနဲ့ ချွေးသိပ်တာတွေ ပြီးတော့ အခုလိုပေါ့ စစ်တပ်ကလုပ်တာကို လုပ်တာပါလို့ မရေးရဲတဲ့သွေးကြောင်မှုတွေဟာ သူ့တို့ရဲ့ရပ်တည်ချက်ကို ပြန်မေးခွန်းထုတ်ရတော့မယ့် အခြေအနေပဲ လူထုကဒီအဖွဲ့အစည်းတွေကို စိတ်ကုန်နေပြီ”ဟု တက်ကြွလှုပ်ရှားလူငယ်တစ်ဦးကဆိုသည် ။

ဒါ့အပြင့် ဒီလိုနိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများအပေါ်ကိုလဲ တသီးပုဂ္ဂလ နိုင်ငံရေးဆောင်ရွက်သူဦးနိုင်အောင်က ယခုလိုပဲပြောပြထားသည်။

“ယူအန်က ကြေညာချက်ထုတ်ရုံလောက်ပဲရှိတာ ဌာနချုပ်ကလဲ ဘာမှအရေးယူဆောင်ရွက်နိုင်တာမျိုးမရှိသလို မြေပြင်ကလူတွေကလဲ ပရိုဂျက်တွေရှိမှ အလုပ်မပြုတ်တာဆိုတော့ တခုလုံးအနေနဲ့က စိုးရိမ်ပူပန်တတ်တဲ့အဆင့်က တက်မှာမဟုတ်ဘူး အဲဒီတော့ ယူအန်ဆိုတာ ကြီးပေမယ့် ပေါပေါကြီးဖြစ်နေတဲ့ ယူအန်ဘဲ လုံခြုံရေးကောင်စီက မဆုံးဖြတ်ရင်လက်တွေ့ ဘာမှမလုပ်ဘူး”ဟုပြောပြသည်။

ထိုအဖွဲ့အစည်းများအနက် UNICEF ဟာ စစ်ကောင်စီထံတွင် မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် တာဝန်ပေးစာလွှာပေးအပ်ပြီး အလုပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းတစ်ခုလဲဖြစ်သည်။