စစ်ကောင်စီ လက်အောက်ခံ ရွှေဝါမြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပစ်ခံရ
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်အား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃) ရဲဘော်များမှ ဖေဖေါ်ဝါရီ ၉ ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်းမှ သိရသည်။
“ဦးမြင့်ဟန်” သည် အုပ်ချုပ်ရေး ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးလူစုခြင်း၊ စစ်ကောင်စီထံ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သတင်းများကို ထောက်လှမ်း၍ စစ်ကောင်စီတပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင်၊တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃) ထံမှ သိရသည်။
“သေနတ်နဲ့ပစ်ခဲ့တာ ဆိုင်ကယ်စီးရင်းပစ်ရတာ သုံးချက်ပစ်တာ” ဟု သာယာဝတီခရိုင်၊တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃) မှ တာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ ပြောသည်။
ပစ်ခတ်မှုဖြစ်စဉ်အပြီး ဦးမြင့်ဟန်၏ အလောင်းအား ရွှေဝါမြိုင်ကျေးရွာ ဒေသခံများမှ စစ်ကွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာတွင် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးကာ သစ်များရောင်းချနေသူဆိုသော ပျူ(ပြည်သူ့စစ်)တစ်ဦးဖြစ်သူ ကိုရှိုင်းလင်းအောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှ ဖေဖေါ်ဝါရီ ၅ ရက်နေ့ မနက် ၁၁နာရီခွဲခန့် ရှင်းလင်းခဲ့သေးသည်။
မင်းလှမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူ(ပြည်သူ့စစ်) များအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေသည့် လုပ်ရပ်များအား ရပ်တန်းက ရပ်ကြရန် ရန်လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) စာထုတ်ပြန်ထားသည်။
ဓာတ်ပုံ – Google