စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့တို့ ဆက်နွယ်မှုရှိနေသဖြင့် ရပ်ဆိုင်းပေးရန် လွှတ်တော်အမတ်နှင့် တက်ကြွလှုပ်ရှားသူများ တောင်းဆို

Author လင်းခိုင်
Categories
Published on Nov 09, 2022

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့တို့ ဆက်နွယ်မှုရှိနေသေးသဖြင့် ရပ်ဆိုင်းပေးရန် သြစတြေးလျလွှတ်တော်အမတ်နှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြောင်း Justic for Myanmar က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာစစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်မှုရှိကြောင်း သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က သြစတြေးလျလွှတ်တော်ကြားနာမှုတွင် ၀န်ခံခဲ့ကြောင်း Justic for Myanmar က ဆိုသည်။

မြန်မာရဲတပ်ဖွဲ့သည် လူသားမျိုးနွယ်အပေါ် ဆိုးရွားပြင်းထန်သည့် ရာဇ၀တ်မှုများ ကျူးလွန်ပြီး ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်း၀ယ်မှု၊ လူကုန်ကူးမှုများမှ ကြွယ်၀ချမ်းသာမှု တည်ဆောက်နေသည့် စစ်ရာဇ၀တ်ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း Justic for Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရာဇ၀တ်ဂိုဏ်း၏ ထောက်လှမ်းရေးသတင်းအချက်အလက်များ ဖလှယ်နေသည့် သြစတြေးလျဖက်ဒရယ် ရဲတပ်ဖွဲ့ သည် ဒီမိုကရေစီအတွက် ခုခံကာကွယ်နေသည့် မြန်မာလူထုအပေါ် အဆိုးရွားဆုံး အကြမ်းဖက် လုပ်ရပ်ကို ရဲဆေးတင်ပေးလျက်ရှိပြီး၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုရောင်း၀ယ်မှု၏ မူလဇစ်မြစ်အကြောင်းတရားဖြစ်သော စစ်တပ်၏ အမြစ်တွယ်အကျင့်ပျက်ခြစားမှု၊ အရေးယူခံရခြင်းမှ အလုံးစုံကင်းလွတ်နေမှုကိုဖြေရှင်းရန် ပျက်ကွက်လျက်ရှိသည် ဟု Justic for Myanmar ကထောက်ပြထားသည်။

သြစတြေးလျနိုင်ငံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုခြင်း၊ စစ်ရာဇ၀တ်ဂိုဏ်းဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကြိုးပမ်းမှုကို ပံ့ပိုးကူညီခြင်းဖြင့် ယင်းတို့၏ မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းနိုင်ရေး လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စစ်အုပ်စု၏ လက်အောက်ခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ စစ်တပ်နှင့် ယင်းတို့၏ စီးပွားရေးမိတ်ဖက်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် သြစတြေးလျနိုင်ငံသို့ Justic for Myanmar က တောင်းဆိုထားသည်။

ယခုကဲ့သို့ စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့နှင့် သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့သို့ ဆက်ဆံရေးအကြောင်းကို သြစတြေးလျ လွှတ်တော်တွင် ဖော်ထုတ်မေးမြန်းပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည့် အထက်လွှတ်တော်အမတ် Senator Jordon Steele-John ကိုကျေးဇူးတင်ကြောင်း Justic for Myanmar ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

ဓာတ်ပုံ – Justic for Myanmar

ပုံစာ- သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က သြစတြေးလျလွှတ်တော်တွင် ကြားနာနေမှုအား တွေ့ရစဉ်