စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်သားငါးဦး ကော်ဘရာစစ်ကြောင်းထံသို့ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာ

Author လင်းနွေဦး
Categories
Published on Dec 22, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင် ၊တပ်မဟာ(၆)၊ ကော်ဘရာစစ်ကြောင်းထံသို့ စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး အပါအဝင် တပ်သား(၅)ဦး လက်နက်ခဲယမ်းများနှင့်တကွ လာရောက်ပူးပေါင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံ ခဲ့ကြသည် ဟု KNU မှ ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ(၁၅)ရက်နေ့ တွင် စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း (၁၀၂၂)၊တပ်နယ်(၄) မှ တပ်သား ကိုကောင်းဆက်ထွန်း မှ M-4 Carbine (၁)လက် နှင့်အတူ ကျည်ဘောက်တို တစ်ခု၊ ၅ဒဿမ၅၆ ကျည်တောင့် (၂၀)တောင့် တို့အား ယူဆောင်ကာ ကော်ဘရာစစ်ကြောင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု KNU မှ ဖော်ပြသည်။

ထို့နောက် ဒီဇင်ဘာ (၁၇)ရက်နေ့တွင် တပ်သားသုံးဦး ထပ်မံ၍ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး တပ်မ (၄၄) လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိသူ ကိုကျော်ဗိုလ်ဗိုလ်ဟိန်း မှ MA Mark-II အမျိုးအ ပစ္စတိုတစ်လက်၊ ကျည်ဘောက် တစ်ခု နှင့် ကျည် (၁၀)တောင့်၊ ဆေးတပ်သား ကိုအောင်မျိုးဝင်းမှ MA-3 တစ်လက်နှင့် ကျည်ဘောက် တစ်ခု၊ တပ်သား ကိုအောင်ကိုမင်း မှ MA-3 တစ်လက်၊ ကျည်ဘောက် တစ်ခုနှင့် ၅ဒဿမ၅၆ ကျည် (၁၅) တောင့်တို့ကို ယူဆောင်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြသည်။

 

ထိုနေ့တွင်ပင် စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း(၁၀၂၂)၊ တပ်နယ် (၄)မှ တပ်သား ကိုစောပေထူး(ခ) တော့ဘရားမှ M-4 အမျိုးအစား တစ်လက်၊ကျည်ဘောက် ခုနစ်ဘောက်၊ ၅ဒဿမ၅၆ ကျည် (၆၀) တောင့်နှင့် အတူ လက်ပစ်ဗုံး နှစ်လုံးတို့အား ယူဆောင်၍ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းကြောင့် ဒီဇင်ဘာ (၁၇)ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီဘက်မှ တပ်သား စုစုပေါင်း လေးဦးအထိ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသော တပ်သား တစ်ဦးချင်းစီအား ယူဆောင်လာသော လက်နက်ပေါ်မူတည်၍ ကာလတန်ဖိုးအလိုက် ထိုက်သင့်သည့် ချီးမြှင့်မှုများအား ပြုလုပ်ပေးခဲ့ပြီး ထပ်မံ၍ ပြည်သူ့ရင်ခွင် ခိုလှုံချင်သော မည်သည့် စစ်ကောင်စီ လက်အောက်ခံ တပ်သားကိုမဆို နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လက်နက်များ ယူဆောင်လာပါကလည်း ထိုက်သင့်သည့်ချီးမြှင့်မှုများ ထပ်မံ ချီးမြှင့် သွားမည်ဟု KNU ၏ ထုတ်ပြန်ချက် အတွင်း ဖော်ပြထားသည်။

 

ယခုအခါ စစ်ကောင်စီဘက်မှ နိုင်ငံအနှံ့ စစ်စခန်းမြောက်မြားစွာ ဆုံးရှုံးနေရသည့်အပြင် ၎င်းတို့လက်အောက်ခံ စစ်သားများမှာ ထွက်ပြေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များထံသို့ သွားရောက်ပူးပေါင်းမှုများ များပြားလာသဖြင့် တပ်တွင်း၌ ပူးပေါင်းသူများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ “ခေါင်းဖြတ်သတ်သည်”ဟူ၍ သတင်းမှားများလွှင့်ကာ အခြေအနေမှန်အား ဖုံးအုပ်ရန် ကြိုးပမ်းနေကြကြောင်း မြေပြင် ရှိ တပ်တွင်း သတင်းရင်းမြစ်များမှ သိရသည်။