စစ်ကောင်စီ လက်နက်ကြီးနှင့် ဒရုန်းဒဏ်ကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီး(သတင်းတို)

Author ကိုထားဝယ်
Categories
Published on Mar 12, 2024

စစ်ကောင်စီသည် နေ့စဉ် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မြို့တွင်းရှိ နေအိမ်များအပါအဝင် ဆီဆိုင်မြို့မဈေးတို့ မီးလောင်ပျက်စီးခဲ့ရကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်တပ်မတော်(PNLA)က ထုတ်ပြန်သည်။

 

ယမန်နေ့ မတ်လ ၁၁ ရက် နံနက် ၆ နာရီမှ ၁၁ နာရီအထိ စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ခေတ္တရပ်သွားပြီးနောက် မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၄ နာရီအထိ ဆီဆိုင်မြိုမြောက်ဘက်တွင် PNLA တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မတ်လ ၁၀ ရက်နေ့က ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်ဗုံးကြဲမှု အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ ပြည်သူလူထုများ၏ နေအိမ် ၁၆ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု PNLA က ဆိုသည်။

 

ထို့ပြင် ဟိုပုန်းမြို့နယ် မဲနယ်တောင်ဒေသကိုလည်း မတ်လ ၁၀ နှင့် ၁၁ ရက်တို့တွင် အကြိမ် ၁၅၀ နီးပါးအထိ စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု PNLA က ဆိုသည်။

 

ထိုသို့ပစ်ခတ်မှုများနှင့်ပတ်သက်၍ အရပ်သားနှင့် ပအိုးဝ်တပ်သားများထိခိုက်မှုရှိမရှိနှင့် ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိမရှိတို့ကို PNLA ထံသို့ CJ Platform ဆက်သွယ်မေးမြန်းခဲ့သော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားသည်။