စစ်ကောင်စီ လက်နက်ကြီးကြောင့် ကော့ကရိတ်နှင့် မူး(မုန်း)တို့တွင် သံဃာနှင့် အရပ်သားများထိခိုက်

Author လင်းနွေဦး
Categories
Published on Nov 28, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ကရင်ပြည်နယ်၊ မူး(မုန်း)နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့် Rocket များဖြင့်ပစ်ခတ်ခဲ့မှု‌ကြောင့် သံဃာနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ယမန်နေ့နိုဝင်ဘာလ (၂၇)ရက်နေ့ ညနေ(၅)နာရီ ၃၀မိနစ်ခန့်တွင် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း လှိုင်ဝအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ-၃၁၂ မှ အနီးရှိ အံဖလေးကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးလေးလုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုလက်နက်ကြီးများ ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဝင်းအတွင်းရှိ သံဃာနှစ်ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည့်အပြင်  ဘုန်းကြီးကျောင်းဆောင်များပျက်စီးခဲ့သည်ဟု KNU ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထို့အတူ နိုဝင်ဘာ (၂၇)ရက် တစ်နေ့တည်း၌ ခလယ်လွီထူခရိုင် ၊ မူး(မုန်း)မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုတ်ဖြတ်ရဲစခန်းမှ ညနေ (၅)နာရီ (၁၀)မိနစ်နှင့် ည (၁၂)နှင့် (၃၀) မိနစ်တို့တွင် ကြာအင်းကျေးရွာအတွင်းသို့ Lot F-57 အမျိုးအစား Rocket သုံးလုံး ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ အမျိုးသမီး နှစ်ဦးမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထံမှ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၂၄)ရက်ကလည်း စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လယ်ဒို(ကျောက်ကြီး)နှင့် မူး(မုန်း)မြို့နယ်တို့အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် အသက် (၆၀)အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးကာ အရပ်သားကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ငါးလုံးပျက်စီးခဲ့ရကြောင်း KNU က ထုတ်ပြန်ထားည်။