စစ်ကောင်စီ ဖလူးမဆုတ်တမ်းခံစစ်စခန်းကို မိနစ်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်၊ မြဝတီ မြို့ခံများ စစ်ဘေးရှောင်ရန် ပြင်ဆင်

Author လင်းနွေဦး၊ YZ
Categories
Published on Mar 12, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Cobra Column 2 Venom စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ အတည်ပြုပြောကြားသည်။

 

မြဝတီမြို့နှင့် တောင်ဘက် ၂ မိုင်ခန့်အကွာ မယ်ထော်သလေးကျေးရွာအနီးရှိ ဖလူးမဆုတ်တမ်းခံစစ်စခန်းကို မတိုက်ခိုက်မီ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်ခဲ့ကြောင်း Venom စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

 

“စခန်းသိမ်းပိုက်နိုင်ခဲ့တာကတော့ အသေအချာပါပဲ။ ကျွန်တော်တို့ မနေ့ နေ့လယ်ပိုင်းကမှ စတိုက်တာပါ။ ညနေ ၄ နာရီအကျော်မှာ စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပါတယ်။ တိုက်ပွဲကြာချိန်က ၁၅ မိနစ်ဝန်းကျင်ပါပဲ” ဟု ယင်းစစ်ကြောင်း တာဝန်ခံက CJ Platform သို့ အတည်ပြုပြောသည်။

 

ဖလူးမဆုတ်တမ်း ခံစစ်စခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရသော စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို မတ်လ ၁၁ ရက်နေ့ ညလုံးပေါက် ပြုလုပ်ခဲ့ပြီး ဖလူးခံစစ်စခန်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများအပေါ်သို့ ဗုံးများနှင့် လက်နက်ကြီးမျိုးစုံ ပစ်ခတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

 

ထို့ပြင် မြဝတီမြို့ပေါ်ရှိ ဒေသခံအချို့သည်လည်း နီးစပ်ရာတော်လှန်ရေးအဖွဲ့များမှ အသိပေးပြောကြားမှုများ ရရှိသဖြင့် ဘေးလွတ်ရာဒေသများသို့ စစ်ဘေးရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သတင်းရရှိသည့် အသက် ၄၀ အရွယ် မြဝတီ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောသည်။

 

“သူတို့(တော်လှန်ရေးအဖွဲ့တွေ)ကတော့ ပြည်သူတွေကို စိုးရိမ်လို့ အသိပေးတာမျိုးပါပဲ။ ထူးခြားမှုတွေရှိလာနိုင်တာပေါ့လေ။ သုံးရက်အတွင်း ပြောင်းကြပါပေါ့။ ပြောင်းပြီးတဲ့ သူတွေလည်း ပြောင်းပြီးကုန်ကြပြီ။ တချို့လည်း ပြင်နေတုန်း။ တချို့ကတော့လည်း ဒီတိုင်းပဲပေါ့။ စာတွေထုတ်ပြန်တာမျိုးမဟုတ်ဘဲ နီးစပ်ရာကို လက်တို့ လိုက်ပြောတဲ့ပုံစံပါ။ ကြိုတင်ပြင်ထားတာက မမှားပါဘူး။ အသက်ထက်အရေးကြီးတာ ဘာရှိလို့လဲနော်” ဟု သတင်းရရှိသူ မြဝတီဒေသခံက CJ Platform သို့ ပြောသည်။

 

မြဝတီမြို့နယ်အတွင်း ပြီးခဲ့သည့်မတ်လ ၇ ရက်နေ့မှစတင်ကာ သင်္ဃန်းညီနောင်မြို့သစ်နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများအားလုံးကို KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် မြဝတီဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း CJ Platform က စုံစမ်းသိရှိရသည်။

 

လတ်တလော KNLA နှင့် ပူးပေါင်းအဖွဲ့သည် သင်္ဃန်းညီနောင်မြို့မရဲစခန်း၊ ခမရ-၃၅၅ တပ်ရင်း၊ ခမရ-၃၅၆ တပ်စခန်းတို့ကို သိမ်းပိုက်ရရှိထားကာ ကျန်ရှိသည့် ခမရ-၃၅၇ တပ်ရင်း၊ စစ်ရေးအရ အချက်အချာကျသည့် ဗျူဟာကုန်းစခန်း၊ ခလရ-၂၇၅ တပ်စခန်းတို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြောင်း မြေပြင်သတင်းရင်းမြစ်များပြောကြားချက်အရ သိရသည်။