စစ်ကောင်စီ တပ်၏ စစ်ကြောင်းထိုး ဖမ်းဆီး နှိပ်စက်မှုများကြောင့် စစ်ဘေးရှောင်များ စိတ်ဒဏ်ရာ ကြီးကြီးမားမား ခံစားနေရပြီး နှိပ်စက်ခံရမည်စိုး၍ အဆုံးစီရင်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေ

Author မောင်ဒဂုံ
Categories
Published on Jan 24, 2023

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ ကျွန်းလှမြို့နယ် အတွင်း၌ စစ်ကောင်စီ တပ်များ၏ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ ဒေသခံများကို ဖမ်းဆီး နှိပ်စက်ခြင်း၊ ကျေးရွာများ မီးရှို့ခံရခြင်းများ ဆက်တိုက် ဖြစ်ပွားနေပြီး အသက်အိုးအိမ် စည်းစိမ်များ အကြောင်းမဲ့ နှိပ်စက်ဖျက်ဆီး ခံနေရသဖြင့် ဒေသခံ လူထု၌ စိတ်ဒဏ်ရာ ကြီးကြီးမားမား ခံစားနေရကြောင်း CJ Platform က စုံစမ်း သိရသည်။

စစ်ကြောင်းထိုး ဝင်လာမည့်ဘေးကို အကြောက်လွန်နေကြသည့် ဒေသခံ အများအပြား ရှိနေပြီး ဖမ်းဆီး နှိပ်စက် ခံရသည့် ဒေသ ခံအချို့မှာ ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်းတွင် စိတ်ကျန်းမာရေး ဆိုးရွားသွားခဲ့ပြီး စစ်ကြောင်းထိုးလာသည့်ဟု သိချိန်တွင် အဆုံးစီရင်မှုများကို ပြုလုပ်ခဲ့သည်များလည်း ဖြစ်လာလျက် ရှိနေသည်။

အသက် ၄၈ နှစ်ခန့် အရွယ်ရှိ ဦးဆန်းဦးသည် ကန့်ဘလူမြို့နယ်ရှိ ပင့်သာကျေးရွာမှာ ဒေသခံ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် လများက စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဖမ်းဆီး နှိပ်စက်ခြင်းကို ခံခဲ့ရသည်။

ယင်းနောက် ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့သော်လည်း ညှင်းပန်းနှိပ်စက်မှုများက သူ၏ စိတ်၌ ထပ်မံ၍ ဖမ်းဆီး နှိပ်စက်ခံရမည်ကို အစဉ်တစ်စိုက် စိုးရိမ်လျက် ရှိနေခဲ့သည်။

“ သူက အာဏာမသိမ်းခင်တုန်းက စိတ်က ပုံမှန်ပဲ။ အာဏာသိမ်းပြီး ဖမ်းဆီးခံရတဲ့ နောက်ပိုင်းမှ သာလျင် သူက စိတ်က ပုံမှန် မဟုတ်တော့တာပေါ့။ “ ဟု ဦးဆန်းဦး နေထိုင်ခဲ့ရာ ပင့်သာကျေးရွာမှာ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဒေသခံ အမျိုးသားက ဦးဆန်းဦးအား စစ်ကောင်စီ တပ်များက မည်သို့ ညှင်းပန်းနှိပ်စက်သည် ဆိုခြင်းကို အသေးစိတ် မသိရှိသော်လည်း ပြင်းထန်သည့် နှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရ၍ သာ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ဖြစ်လာရခြင်းဟု ကောက်ချက်ချသည်။

ဦးဆန်းဦးသည် သူသည်သာ ဖမ်းဆီး ညှင်းပန်း နှိပ်စက် ခံရခြင်း မဟုတ်ခဲ့ပေ။ သူ၏ မိဘများနှင့် မိသားစုဝင်များသည်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း သက်မဲ့ အရာဝတ္ထုဆိုလျင် မြင်မြင်ရာ မီးရှို့ဖျက်ဆီး သက်ရှိ ဆိုလျင် လူမှ အစ အိမ်မွေးတိရစ္ဆာန်များ ထိ ဖမ်းဆီး သတ်ဖြတ် နှိပ်စက်မှု များအကြား ဆက်လက်ရှင်သန်နိုင်ခြင်း မရှိခဲ့ကြပေ။

မျက်စိရှေ့၌ မိသားစုဝင်များ၏ သက်မဲ့ ရုပ်ခန္ဓာများကို မြေမြှပ်ပေးနေခဲ့ရ၍ စိတ် ဒဏ်ရာက ပို၍ နက်လာခဲ့ပြီး စိတ်ကျန်းမာရေး တစ်စ တစ်စ ပို၍ ဆိုးလာခဲ့သည်။

“ သူ့ရဲ့ အခြေအနေက လွတ်လာတဲ့ အချိန်မှာ ပုံမှန် စိတ်အနေအထားလည်း မဟုတ်တော့ဘူး။ သူက ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ အဖေ အမေတွေ သေတယ်ပေါ့ တစ်ယောက်ပြီး တစ်ယောက်၊ သူက စိတ်တွေက ပုံမှန် မဟုတ်တဲ့ အနေအထား တစ်ယောက်သေတယ်။ တစ်ယောက်ပြီး တစ်ယောက် မြေဖို့ နေတဲ့ အခါ ကျတော့ စစ်ကြောင်းထိုးမယ်လို့ အသံကြားလာတဲ့ အခါမှာ ကြောက်အားကြီး သွားတယ်။ “ ဟု ပင့်သာ ကျေးရွာ ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က ပင့်သာကျေးရွာရှိရာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်တွင်တော့ ဦးဆန်းဦး၏ စိတ်သည် ခံနိုင်ရည်ရှိမှု၏ ရေချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

စစ်ကြောင်း ကျေးရွာသို့ ဝင်ရောက်လာမည့် အရေး၊ ထွက်ပြေးရပြန် ဦးမည့် အရေးများကို ဦးဆန်းဦး ပြုလုပ်ခြင်းလည်း မရှိတော့ပေ။

ပင့်သာကျေးရွာ ဒေသခံများသည် ဇန်နဝါရီ ၉ရက်တွင် သစ်ပင်ကြီး တစ်ပင်ပေါ်မှ တွဲလောင်းကျနေသည့် ကြိုး၌ လည်ပင်းစွတ်လျက်သား အသက်မဲ့ နေသည့် ဦးဆန်းဦး၏ ရုပ်ခန္ဓာအား တွေ့ရှိခဲ့ကြသည်။

ချည်ဖလန်နယ် အင်္ကျီလက်ရှည် ခပ်နွမ်းနွမ်းကို သပ်သပ်ရပ်ရပ် ကြယ်သီးတပ် ဝတ်ဆင်ထားပြီး အရောင် မရှိသော်လည်း သန့်သန့်ပြန့်ပြန့် ရှိသည့် ပုဆိုးကို ဝတ်ဆင်လျက် ဦးဆန်းဦး တစ်ယောက် သူ၏ အသက်ကို သူကိုယ်တိုင် စွန့်လွှတ်ရန် ဆုံးဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

“ ဟုတ်တယ်ဗျာ စစ်ကြောင်းရဲ့ ညှင်းပန်း နှိပ်စက်မှု ဒဏ်တွေက မခံနိုင်တဲ့ အခါကျတော့ ပြည်သူတွေ တစ်ချို့ ပြည်သူတွေက စိတ်ညစ်ပြီးတော့ ကြိုးဆွဲချ သေတဲ့ အပိုင်းတွေ ရှိတယ်ဗျ။ ကြိုးဆွဲပြီး သေသွား တဲ့ အမျိုးသားက ဦးဆန်းဦး (ခေါ်) ကုလားပေ့ါ။ အသက်ကတော့ ၄၈ နှစ်ဗျ။ “ ဟု ပင့်သာ ရွာခံ တစ်ဦးက ပြောသည်။

နှိပ်စက်ခံခဲ့ရမှုကြောင့် စိတ်ဒဏ်ရာ ရနေသည့် ဦးဆန်းဦး၏ ကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာ၌ PDF များ ၊ တော်လှန်ရေး အင်အားစုများ ရှိသည်ဟု အကြောင်းပြကာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

ကန့်ဘလူ ခရိုင်အတွင်း၌ စစ်ကိုင်းတိုင်း၏ အခြား ခရိုင်များနည်းတူ တော်လှန်ရေး အင်အားစုများစွာ ရှိသော်လည်း ပင့်သာကျေးရွာတွင်မူ သာမာန် အရပ်သား ပြည်သူများသာ အများစု ရှိသည်ဟုလည်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီ တပ်များသည် စစ်ကြောင်းထိုးဝင်ရောက်သည့် ရွာတိုင်းလိုလိုအား မီးရှီု့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်သဖြင့် ဒေသခံများ၏ အကြောက်တရား ပိုမို ကြီးမားလာနေခဲ့သည်။

“ ကျွန်တော်တို့ ဘက်ကတော့ တော်လှန်ရေး အဖွဲ့အစည်းများလည်း မရှိဘူးဗျ။ ရိုးရိုး သာမာန်လုပ်သားတွေပဲ ပြည်သူတွေပဲ များတယ်။ သူတို့က ဝင်သွားတဲ့ အခါတိုင်း ဒီ PDF အဖွဲ့စည်း ရှိတယ် ဘာရှိတယ် ညာ ရှိတယ် ဆိုပြီးတော့ အဲ့ဒီလိုပဲ မီးရှို့သွားတာပဲ၊ ပြည်သူတွေရဲ့ ပစ္စည်းကို မတရားလုပ်သွားတာပဲ။ “ ဟု ပင့်သာရွာခံ တစ်ဦးက ဆိုသည်။

ကန့်ဘလူ ခရိုင်၌ ကျွန်းလှမြို့နယ် တစ်ခုတည်းမှာပင် ပြီးခဲ့သည့် လပိုင်းက ကျေးရွာ သုံးဆယ်ကျော် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး မီးရှို့မှုဒဏ်ကို ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။

လေးသောင်းကျော် ရှိမည့် ဒေသခံများသည် အဆိုပါ စစ်ကြောင်း ထိုးမီးရှို့မှုများ ဖြစ်လာတိုင်း တစ်နေရာမှ တစ်နေရာ သို့ ရွှေ့ပြောင်း ပြေးလွှားနေရသည်။

မြွှေပွေးပေါသည့် ဒေသတစ်ခုဖြစ်၍ စစ်ဘေးရှောင်များ မြွေကိုက်ခံရမှုများ မကြာခဏ ဖြစ်နေပြီး ၂၀၂၂ခုနှစ် ဧပြီမှ ယခု အချိန်ထိ စစ်ဘေးရှောင် တစ်ရာနီးပါး မြွေကိုက်ခံခဲ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယအပတ်တွင်လည်း ထန်းကုန်းတိုက်နယ်မှ အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရစဉ် စစ်ကောင်စီတပ်များက ညမထွက်ရ အမိန့် ထုတ်ထား၍ ဆေးဝါးကုသနိုင်ခြင်း မရှိဘဲ သေဆုံးခဲ့ရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့သည်။

ယင်းမှာ ထိုကာလက တစ်ပတ်အတွင်း မြွေဆိုး ကိုက်ခံရသည့် စစ်ရှောင်သုံးဦးအနက် တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်သည်။

ကန့်ဘလူ စစ်ရှောင်များမှာ ၎င်းတို့၏ ကျေးရွာများ၌ စစ်ကြောင်း မကြာခဏ ဝင်နေ၍ ဘေးလွတ်ရာ ရွာပြင်များ၌ ကြုံသလို ယာယီတဲထိုးနေထိုင်ကြပြီး နေထိုင်ရာ အနီးတစ်ဝိုက်သို့ ကျွဲလှန်း၊ နွားကျောင်းထွက်ရင်း မြွေဆိုးကိုက်ခံရခြင်းများလည်း ရှိသည်။

ယခုရက်ပိုင်းတွင်လည်း ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ရွာများလည်း မီးရှို့ဖျက်ဆီးခံနေရဆဲ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန် လများက စပြီး ၎င်းတို့၏ ဒေသ၌ စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုးမှု ပိုမိုများပြားလာကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

“ အရင်က မရှိဘူး။ ဒီနောက်ပိုင်းကျတော့ ပိုပို ဆိုးလာတယ်။ “ ဟု အဆိုပါ ဒေသခံက ပြောသည်။

အညာဆောင်းကလည်း အအေးပိုနေခဲ့ပြီး ညအချိန်များက ပို၍ အပူချိန်ကျဆင်းတတ်သည်။

စစ်ဘေးရှောင်များအတွက် ကျေးရွာများအတွင်း ပြန်လည် နေထိုင်ရန် အခြေအနေ မရှိသေးပဲ လက်ရှိ တိမ်းရှောင်နေရသည့် ယာယီ တဲများ၊ လှည်းများကို နွားဖြုတ်ကာ တာလပတ်ကာ နေထိုင်ရမည့် အခြေအနေတွင်သာ ဆက်ရှိနေရဦးမည် ဖြစ်သည်။

ပုံစာညွှန်း- စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသည့် သတင်းကြားရှိခြင်းကြောင့် မိမိကိုယ်ကိုယ် ဆွဲကြိုးချခဲ့သူ စစ်ဘေးရှောင်တစ်ဦး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကန့်ဘလူ #စစ်ဘေးရှောင်