စစ်ကောင်စီ တပ်သားများ အချိန်မနှောင်းမီအလင်းဝင်ကြရန် ချင်းအဖွဲ့တိုက်တွန်း ⬛ ပလက်ဝတွင် စစ်‌ကောင်စီ လက်အောက်ခံ တပ်သား ၁၀ ဦး အလင်း၀င်

Author မင်းထက်
Categories
Published on Dec 11, 2023

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်သားများအနေဖြင့် အချိန်မနှောင်းမီ အလင်းဝင်ရောက်ကြရန် တိုက်တွန်းကြောင်း ပလက်ဝမြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF – Paletwa)မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

” အချိန်မနှောင်းခင် အလင်းဝင်ကြပါ။ အာဏာရှင်တစ်စု ကောင်းစားရေးတွက် အသေမခံကြပါနဲ့။ ပြည်သူနဲ့အတူ ပူးပေါင်းပါကြပါလို့ ထပ်လောင်းသတင်းပါးချင်ပါတယ်။ ကျွန်တော်တို့ကတော့ အချိန်မီ အလင်းဝင်လာဖို့ ဖိတ်ခေါ်ပါတယ် ” ဟု ၎င်းက ပြောသည်။

 

ချင်းတော်လှန်ရေးအဖွဲ့များဘက်က အလင်းဝင် စစ်ကောင်စီ လက်အောက်ခံ တပ်သားများကို လုံခြုံစွာ ထားပေးပြီး မိသားစုများနှင့်အတူတကွ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြောင်း အထက်ပါတာဝန်ရှိသူက ပြေသည်။

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တာ၀န်ကျနေသော စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတပ်သား ၁၀ ဦး အလင်း၀င်ရောက်လာကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက ဒီဇင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရှင်းလက်ဝကျေးရွာ စစ်ကောင်စီ အခြေစိုက် ဗျူဟာ- ၃ ၊ ခလရ- ၂၉၉ မှ ရဲဘော် ကျော်ထက်ဝေနှင့် ဒု-တပ်ကြပ် နိုင်လင်းအောင်တို့ ၂ ဦးသည်  CDF- Paletwa ထံ အလင်းဝင်ရောက်လာသည့်အပြင် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရှင်းလက်ဝရဲစခန်းတွင် တာဝန်ကျနေသော ဒေသခံရဲဝန်ထမ်း ၈ ဦးသည် ပြည်သူများနှင့်အတူ ရပ်တည်ရန် ထပ်မံအလင်းဝင်ရောက်လာခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ/ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)တို့၏ ယခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက် အပိုဒ် ၂၊ ၃ အရ ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ခိုလှုံသော တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးကို ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း CDF ပလက်ဝက ဆိုသည်။

Related News

Depend on news