စစ်ကောင်စီ တက္ကသိုလ်များတွင် Tutor ဆရာများ မလုံလောက်မှုကြောင့် ဂုဏ်ထူးတန်းမပြီးသေးသူများကိုပင် လာဘ်ငွေရယူကာ ဆရာအဖြစ် ဆွဲခန့်နေရ

Author ခေတ်နီ
Categories
Published on Dec 10, 2022

စစ်တပ်မှ တိုင်းပြည်အာဏာသိမ်းယူပြီးနောက်ပိုင်း ပညာရေးဝန်ထမ်း အများအပြား CDM ပြုလုပ်ထားမှုကြောင့် စစ်ကောင်စီမှဖွင့်လှစ်သည့် တက္ကသိုလ်များတွင် ဆရာအင်အားမလုံလောက်မှု​ဖြစ်နေပြီး ဂုဏ်ထူးတန်း မပြီးဆုံးသေးသူများကိုပင် tutor ဆရာများအဖြစ် ခန့်အပ်မှုများရှိနေကြောင်း အဆင့်မြင့် ပညာရေး ဌာန အသိုင်းအဝိုင်းမှ သိရသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ထိုစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေး CDMလှုပ်ရှားမှုတွင် ပညာရေးဝန်ထမ်းအများအပြားပါဝင်လာမှုကြောင့် စစ်ကောင်စီမှ ၎င်းတို့၏ကျောင်းများကို ပြန်လည်ဖွင့်လှစ်သည့်အခါတွင် ဝန်ထမ်းမလုံလောက်မှုများ ကြုံတွေ့နေရပြီး အထူးသဖြင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် ဆရာအင်အားမလုံလောက်မှုကြောင့် ၎င်းတို့၏ တက္ကသိုလ်များတွင် ဂုဏ်ထူးတန်းတက်ရောက်နေသူများကိုပင် Tutorဆရာများအဖြစ် ခန့်အပ်မှုများပါ လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ယခင်က တက္ကသိုလ်များတွင် ကျူတာဆရာအဖြစ် လုပ်ကိုင်လိုသူများသည် တက္ကသိုလ်တစ်ခုခုမှ အနည်းဆုံး မာစတာဘွဲ့ရရှိထားပြီး ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးမှ စစ်သည့် ရေးဖြေ ဝင်ခွင့်​ဖြေဆိုအောင်မြင်ရန် လိုအပ်ပြီး ယခုအခါတွင်တော့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန မှကန့်သတ်ချက်များကို လျော့ချကာ ဂုဏ်ထူးတန်း မပြီးဆုံးသေးသူများကိုပင် ကျူတာအဖြစ် ခန့်အပ်မှုများ ရှိနေတာပဲဖြစ်သည်။

ထိုသို့ ခန့်ထားမှုများတွင် တက္ကသိုလ်တာဝန်ရှိသူများမှ လာဘ်ပေးလာဘ်ယူမှုများပြုလုပ်ကာ ခန့်ထားပေးမှုများလည်း ရှိနေကြောင်း သိရသည်။

“အရင်က ဆို Tutorဖြစ်ဖို့က အဆင့်တွေအများကြီးပဲ ဝင်ခွင့်ရော နှုတ်ဖြေရောပေါ့ ဝင်ခွင့်မအောင်ရင်လစ်ပဲ အခုက အချောင်ခေတ်ဆိုတော့ qualified တန်းလန်းရင်းနဲ့ကို ဆွဲခန့်တွေရှိတယ်၊ ဝိဇ္ဇာမှာဆို Tutor နည်းပြပေါ့ သိပ္ပံမှာတော့ Demonstrator သရုပ်ပြလို့သုံးတယ် ဒီခေတ်မှာက Tutorဖြစ်ချင်တဲ့သူက ငွေဘယ်လောက်ပေးနိုင်မလဲ ဆိုတာပဲလေ အရင်ထဲက ပါမောက္ခတွေ ဌာနမှူးတွေက သိတဲ့အတိုင်းပဲ သူတို့ထောက်ခံပေးမှရမှာလေ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် မှ CDMပြုလုပ်ထားသည့် တွဲဖက်ပါမောက္ခ တစ်ဦးမှ ရှင်းပြသည်။

အခုလို စစ်ကောင်စီမှ လုပ်ဆောင်နေမှုများသည် အင်္ဂလိပ်စာမေဂျာ ၊နှင့် ဥပဒေမေဂျာတို့တွင် အဖြစ်များနေကြောင်းကိုလည်း စုံစမ်းသိရှိရသည်။

“အမက Law CDMဆိုတော့ တခြားတော့ဌာနတော့မသိပေမယ့် Lawမှာတော့ ဒါတွေရှိနေတယ် ဒါပေမယ့် သူတို့က တခြားကျောင်းတွေမှာ tutorပြန်ဖြစ်တာပေါ့ အမတို့ကျောင်းက တယောက်ဆို သူရောက်တဲ့ကျောင်းမှာ မဟာတန်းမရှိလို့ ဆက်တက်မရပဲ ရပ်ထားရတယ် tutorခန့်တာက တရားဝင်ဆိုပေမယ့် အခုလိုလုပ်နေတာကတော့ တရားဝင်ဟုတ်မဟုတ်တော့ အမလဲမသိဘူး”ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာ ဌာနမှ CDMကျောင်းသူတစ်ဦးမှလည်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်များတွင် လာဘ်ပေးလာဘ်ယူမှုများ များစွာဖြစ်ပေါ်နေပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဘွဲ့ရရှိသူများ၏ ယာယီဘွဲ့ထောက်ခံစာတွင် အာဏာမသိမ်းမှီ ခုနှစ်သက္ကရာဇ်ပြောင်းလဲရန် အတွင်ပင် ငွေကျပ် သိန်း၂၀ခန့်အထိ ဌာနတာဝန်ရှိသူများကို လာဘ်ငွေပေးရမှုများလဲ ရှိနေတာပဲ ဖြစ်သည်။