စစ်ကောင်စီ ဌာနချုပ်များ၊ ၀န်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်၌ ငလျင်လှုပ်ခတ်

Author လင်းခိုင်
Categories
Published on Dec 20, 2022

 

စစ်ကောင်စီဌာနချုပ်များ၊ ၀န်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်၌ ဒီဇင်ဘာ ၂၀ ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၂၀ ရက် ၀၀ နာရီ၊ ၀၁ မိနစ်၊ ၁၉ စက္ကန့်အချိန်တွင် နေပြည်တော် မြေငလျင်စခန်းမှ မြောက်ဘက် ၁၅ မိုင်ခန့်ကွာဝေးသည့် ပုဗ္ဗသီရိမြို့၏ မြောက်-အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ဒသမ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

ယင်းငလျင်လှုပ်ခတ်မှုကို နေပြည်တော်ရှိ နေထိုင်သူများ အနည်းငယ်ခံစားမိခဲ့ပြီး အပျက်အစီး ထိခိုက်မှုမရှိကြောင်းလည်းသိရသည်။

“ ည ၁၂နာရီလောက်ကြီး သိမ့်ခနဲ့ လှုပ်သွားတာ၊ ခဏလေးပဲ အိပ်နေရင်းလန့်နိုးမှ ငလျင်လှုပ်မှန်းသိတယ်။ ထိခိုက်ပျက်စီးမှုတော့ဘာမှ မရှိဘူး” နေပြည်တော်တွင် နေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

ယခုငလျင်လှုပ်ခတ်ခဲ့သည့်နေရာသည် စစ်ကိုင်းပြတ်ရွေ့မှဖြစ်ပြီး ယင်းပြတ်ရွေ့သည် ယခုလအတွင်း အင်အားအနည်းငယ်မှ အင်အားအတင့်အသင့်ရှိ ငလျင်များ ရှစ်ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ဒီဇင်ဘာ ၁၅ ရက်နံနက် ၃နာရီခွဲခန့်က လှုပ်ခတ်ခဲ့သည့်ငလျင်နှင့် ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၂နာရီခွဲခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် ဘုရားစေတီအချို့ စိန်ဖူးတော်မြေခခြင်း၊ ငှက်မြတ်နားတော်များမြေခခြင်း၊ ဘုန်ကြီးကျောင်းအချို့ပျက်စီးခြင်း၊ ဇောင်တန်းမုဒ်၀ ဆင်ရုပ်၊ ခြင်္သေ့ရုပ်များပျက်စီးခြင်းနှင့် လူနေအိမ်အချို့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

ယခုကဲ့သို့ စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ မကြာခဏလှုပ်ခတ်နေခြင်းသည် ငလျင်ကြီး၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ခြင်းကြောင့် ငလျင်အန္တရာယ်ကို သတိပြုရန် ငလျင်ပညာရှင်တစ်ဦးဖြစ်သူ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက သတိပေးထားသည်။
ပုံစာညွှန်း- မန္တလေးတွင် လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပျက်စီးသွားသည့်မြင်ကွင်း ပုံအဟောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ငလျင် #နေပြည်တော်