စစ်ကောင်စီ၏ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်သည် စေတနာ့၀န်ထမ်းလုပ်ငန်းများကို ရာဇ၀တ်မှုသင့်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ISP Myanmar ဖော်ပြ

Author လင်းခိုင်
Categories
Published on Dec 01, 2022

စစ်ကောင်စီ၏ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်သည် စေတနာ့၀န်ထမ်းလုပ်ငန်းများကို ရာဇ၀တ်မှုသင့်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် စစ်ကောင်စီသည် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ကြောင်း၊ အာဏာမိသိမ်းခင် လွှတ်တော် က ပြဌာန်းခဲ့သည့် ၂၀၁၄ ခုနှစ်၊ အသင်းအဖွဲ့ဥပဒေကို ယခု ဥပဒေဖြင့် လွှမ်းမိုးပြင်ဆင်လိုကြောင်း၊ ၂၀၁၄ ခုနှစ် ဥပဒေပြဌာန်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ ပွင့်လင်းပြီး ဒီမိုကရေစီ ကျသည့် ဥပဒေအဖြစ် နာမည် ကျော်ခဲ့ကြောင်း ISP Myanmar က ဆိုသည်။

အသင်းအဖွဲ့ ဖွဲ့စည်းခွင့်သည် လူ့အခွင့်အရေး တရပ်ဖြစ်သလို၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများအတွက် အပ်နှင်းထားသည့် အခွင့်အရေး တရပ်ဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ယခုပြဌာန်းလိုက်သည့် ဥပဒေအသစ် ရည်ရွယ်ချက် (ဂ) အင်းအဖွဲ့ကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်းဖြင့် ယင်းတို့၏ ရပ်တည်ခွင့်ကို အကာအကွယ်ပေးရန် (င) တာ၀န်ယူ တာ၀န်ခံမှုရှိသည့် အသင်းအဖွဲ့ဖြစ် ပေါ်စေရေး (စ) နိုင်ငံတော်နှင့် နိုင်ငံသားများကို အကျိုးပြုသော အသင်းအဖွဲ့အဖြစ် ခိုင်မာအားကောင်းစေရန် ဆိုထားသော်လည်း ထိန်းချုပ်လိုသည့် သဘောပိုကဲနေပြီး၊ စေတနာ၀န်ထမ်းလုပ်ငန်းများကို ရာဇ၀တ်မှုသင့်အောင် လုပ်လိုက်ခြင်းဖြစ်သည်ဟု ISP Myanmar ၏ စစ်တမ်းတွင်ဖော်ပြထားသည်။

ထို့ပြင် ယင်းဥပဒေတွင် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်း၀င်အဖြစ် ပါ၀င်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းများရှိပါက ကျပ်ငါးသိန်းထက်မပိုသည့် ဒဏ်ငွေနှင့် ထောင်ဒဏ် နှစ်နှစ် ချမျတ်ခံရနိုင်ကြောင်း၊ မည်သူမဆို မှတ်ပုံတင် လက်မှတ်မရှိဘဲ အသင်းအဖွဲ့ဖွဲ့စည်းလှုပ်ရှားပါက ထောင်ဒဏ် သုံးနှစ်၊ ကျပ် ၁၀ သိန်းထက်မပိုသည့် ငွေဒဏ်ချမှတ်ခံရနိုင်ကြောင်း၊ အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက်ပြီး အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်နှင့် ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်သည့် ပုဒ်မများပါ ပါ၀င်ကြောင်း ISP Myanmar က ဖော်ပြထားသည်။

စစ်ကောင်စီ ပြင်ဆင် ပြဌားန်ခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသည် အာဏာရှင်ဆန်ဆန် ချုပ်ကိုင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက နို၀င်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အသင်းအဖွဲ့ #မှတ်ပုံတင် #ဥပဒေ