စစ်ကောင်စီ၏ သီရိပျံချီဘွဲ့ရ ဒူးလေးပါတီဥက္ကဌဟောင်း လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း တိုက်ပွဲအတွင်း သေဆုံး

Author စကားဝါ
Categories
Published on Mar 07, 2024

စစ်ကောင်စီတပ်ဘက်မှ စစ်ကူတိုက်ပေးနေသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သီရိပျံချီဘွဲ့ရရှိထားသူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌဟောင်း လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းမှာ ယနေ့ မတ်လ (၇)ရက်နေ့ မနက်ပိုင်းတွင် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း ဝိုင်းမော်မြို့ရှိ သတင်းအရင်းအမြစ်များနှင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေး လှုပ်ရှားသူများ၏ အတည်ပြုရေးသားများအရ သိရသည်။

 

ယနေ့ မနက်ပိုင်းမှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ စစ်ကူပေးနေသူ ဦးရွှေမင်းနှင့် အဖွဲ့မှာ ဝိုင်းမော်မြို့နယ်၊ အောင်မြေသစ်ကျေးရွာ၊ အင်လုံခတံတားအနီးတွင် KIA နှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

“ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို သွားတာ တိုက်ပွဲဖြစ်တော့ တစ်ခါထဲသေသွားတယ် ကြားတယ်၊ အလောင်းကို KIAက သယ်ယူသွားတယ်လို့ စကစလော်ဘီတွေကတော့ ရေးနေတာပဲ၊ တိုက်ပွဲတွေ ပြင်းထန်နေတော့ မနက်ပိုင်းက အဆက်အသွယ်ရသလောက်ပဲသိရတယ် အခု ဆက်သွယ်လို့မရဘူး”ဟု ဝိုင်းမော်မြို့တွင် ဆွေမျိုးများ ကျန်ရှိခဲ့သူ အဝေးရောက် ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။

 

ဦးရွှေမင်း၏ လီဆူးပြည်သူ့စစ်စခန်းကိုလည်း KIA မှ သိမ်းပိုက်ထားပြီး အခြားသော စစ်ကောင်စီတပ်စခန်းများစွာကိုလည်း KIA က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လော်ဘီများမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA၏ တပ်စခန်းဌာနချုပ်အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် လှုံ့ဆော်မှုများ ရှိနေသည်။

 

 

Related News

Depend on news