စစ်ကောင်စီ၏ ဝိန်းလားတောင်စခန်းအား KIA မှ တိုက်ခိုက်သိမ်းပိုက်

Author CJ Platform
Categories
Published on Oct 20, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း တရုပ်နယ်စပ်ကြားရှိ ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းအား KIA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းအရင်းမြစ်တစ်ခုမှ သိရသည်။

မူဆယ်မြို့ မုန်းယားကားလမ်းမပေါ်ရှိ ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းအား KIA မှ အောက်တိုဘာလ ၁၉ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

မနက် ၅နာရီ ၃၀မိနစ်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နေကုန်နီးပါး တိုက်ခိုက်ချိန် ကြာမြင့်ခဲ့ကာ ညနေ ၂ နာရီ ၃၀မိနစ်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

” အဲ့ဒီ့ စခန်းကုန်းကိုတော့ လောလောဆယ် ရဲဘော်တွေ ထိုင်နေတဲ့ အနေအထား ဖြစ်သွားတယ်၊ ထိခိုက်ကျဆုံးမှုတွေတော့ ကျနော်တို့ဆီကို အစီရင်ခံစာ တက်မလာသေးတော့ စခန်းသိမ်းပိုက်နိုင်ခဲ့တယ် အဲ့လောက်ပဲ ပြောလို့ရတယ်” ဟု KIA ဗိုလ်မှူးကြီးနော်ဘူမှ CJ Platform သို့ ပြောသည်။

ဝိန်းလားတောင်ရှိ စစ်ကောင်စီတပ်စခန်းမှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၅၆၇ တပ်စခန်းတစ်ခုဖြစ်ပြီး KIA တပ်မဟာ ၆ တပ်ရင်း ၃၆ စုပေါင်းတပ်များမှ တပ်စခန်းထဲအထိ အားလုံး ဝင်ရောက်စီးနင်းနိုင်ခြင်းခဲ့ခြင်းဖြစ်သည်။

ထိခိုက်ကျဆုံးမှူများ အတည်မပြုနိုင်သေးပဲ စိစစ်ဆဲ သတင်းအချက်အလက်များအရ စစ်သုံ့ပန်းများပါ အရှင်ဖမ်းမိထားကြောင်း သိရသည်။

ဝိန်းလားတောင်စခန်းကုန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုံးပေါ်နှင့်မုံးကိုး တရုပ်နိုင်ငံနယ်စပ်ကြား အချက်အခြာကျသော စခန်းကုန်းဖြစ်ကာ ယခုအခါ KIA မှ တိုက်ခိုက် သိမ်းပိုက်ထားနိုင်ခဲ့သည်။