စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရန်အတွက် ကျောင်းပေါင်း ၆၀၀ ကျော်တွင် ဗုံးခိုကျင်းများ တူးထားရ

Author မွန်လေး
Categories
Published on Jan 26, 2023

 

စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရန်အတွက် ကျောင်းပေါင်း ၆၀၀ ကျော်တွင် ဗုံးခိုကျင်းများ တူးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြည်သူများကို ဦးတည်ချက်ထားပြီး လေကြောင်း တိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့အပြားတွင် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းတို့သည် ပြည်သူများအပေါ် ရန်သူသဖွယ် သဘောထားကာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူနေအိမ်များပါမချန် ဦးတည်ချက်ထားပြီး နေ့စဉ်စစ်ရာဇဝတ်မှု မြောက်များစွာ ကျူးလွန်နေသည်ကို မြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ရန် မဖြစ်မနေ ပုန်းခိုစရာနေရာ ဗုံးခိုကျင်းများ ဖန်တီးဆောင်ရွက်ထားရန် လိုအပ်ကြောင်း လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိတွင် “ CDM များ စေတနာအားနဲ့အတူ ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများနှင့် စာသင်ကျောင်းအချို့တွင် လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးအတွက် ခေတ္တပုန်းခိုရာ ဗုံးခိုကျင်းများကို မြေပြင်မှ ပြည်သူများ၏ အင်အားနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ လက်ရှိတွင် စာသင်ကျောင်းပေါင်း ခြောက်ရာကျော်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်နေမှုများကို ဆက်လက် အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ပြည်သူမှ ပြည်သူသို့ အားများဖြင့် ပူးပေါင်းပါဝင်ကြရန် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

ဓာတ်ပုံ- လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လေကြောင်းတိုက်ခိုက်မှု #ဗုံးခိုကျင်း