စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆုံးပါးခဲ့ရသည့် ကလေးသူငယ် ၂၄၀ ကျော်ထိ ရှိလာ

Author လင်းခိုင်
Categories
Published on Nov 21, 2022

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေးသူငယ် ၂၄၂ ဦးထိရှိလာကြောင်း နို၀င်ဘာ ၂၀ ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့နှင့် ပတ်သက်ပြီး ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်ထားသည်။

ပူးတွဲ ထုတ်ပြန်ချက်တွင် ကလေးများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် ကလေးများအတွက် ဘေးကင်းလုံခြုံသောနေရာ ပတ်၀န်းကျင် ရရှိခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါ၀င်ဆောင်ရွက်ခွင့်များရရှိအောင် ကလေးပြုစုစောင့်ရှောက်သူများမှ မူဝါဒရေးဆွဲသူများအထိ ကလေးသူငယ်အခွင့်အရေးအတွက် ပိုမိုအလေး ထားဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ် ဖမ်းဆီးမှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၄၂ ဦးသေကြေပျက်စီးခဲ့ရပြီး ကလေးငယ်ထောင်ပေါင်းများစွာ ထိခိုက်နစ်နာမှုများရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကလေးငယ် ၃၇၂ ဦးကျော်ကို မတရားဖမ်းဆီးထားပြီး၊ ယနေ့ချိန်ထိ ကလေးငယ် ၃၀၃ ဦးခန့်သည် အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းလျက်ရှိသည်ဟု ဆိုသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည် နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ နေ့တွင် ကလေးတိုင်းအတွက် လုံခြုံစွာ နေထိုင်ခွင့်၊ ပျော်ရွှင်စွာ စာသင်ကြားခွင့်နှင့်အတူ ကလေးသူငယ်များအခွင့်အရေး ပြန်လည်ရရှိရေးအတွက် ကုလသမဂ္ဂအပါအ၀င် ကလေးသူငယ်အရေး လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်း၀န်း လုပ်ဆောင်ရန် ပူးတွဲ ထုတ်ပြန်ချက်တွင် နှိုးဆော်ထားသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကလေးသူငယ်များအတွက် လုံခြုံစိတ်ချခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါ၀င်ဆောင်ရွက်ခွင့်နှင့် လွတ်လပ်ငြိမ်းချမ်းစွာ စာသင်ကြားခွင့်များ ပြန်လည်ရရှိနိုင်ရန် ပြည်သူများအားလုံးနှင့်အတူ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ကလေးသူငယ်အခွင့်အရေး