စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့် စစ်ဆေးရုံမှ ပါရဂူ ဗိုလ်မှူးတစ်ဦး ဖမ်းဆီးခံရ

Author အောင်နိူင်သူ
Categories
Published on Oct 25, 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ဒါတွင် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ အကြိုတေးဂီတဖျော်ဖြေမှု ပြုလုပ်နေစဉ် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲချသည့်အပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ယက် စာမျက်နှာတွင် Profile အမဲချိန်းခဲ့သည့်ဗိုလ်မှူးတစ်ဦးကို ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးပြီး အချုပ် ထောင်သို့ ပို့လိုက်သည်ဟု စစ်တပ်နှင့်နီးစပ်သူများထံမှ သိရသည်။

နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် ယမန်နေ့ နံနက်ပိုင်းက ပါရဂူဗိုလ် မှူးတစ်ဦးကို စစ်ဗျူဟာမှူးအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဆေးရုံဝန်ထမ်းတစ်ဦးက CJ Platform ကိုပြော သည်။

“သူက လူအချင်းချင်းစာနာလို့ profile မှာအမဲချိန်းလိုက်တာ ပြီးတော့ သူက တိုက်ခိုက်ရေးက မဟုတ်ဘူး ဆေးတပ်ကဆိုတော့ သူ့လွတ်လပ်ခွင့်လေ ဒါကို တပ်လော်ဘီကနေ ဖြန့်လိုက်လို့ လာဖမ်းသွားတာ မဖမ်းခင်ကတည်း ဂျိုကာအပြာ စစ်ဆင်ရေးဝင်မယ်ဆိုတာကြားတယ် မထင်ဘူး”ဟုပြောသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ လျှို့ဝှက်စစ်ဆင် ရေး အမည်မှာ ဂျိုကာအပြာဖြစ်ပြီး စစ်ဗျူဟာမှူးသုံးဦး ဦးဆောင်ပြီး လာဖမ်းသည့်အဖွဲ့မှာ အမှတ် (၁) စစ်ဗျူဟာမှုးအဖွဲ့မှ ဗိုလ်မှူးကြီး ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဗိုလ်မှုးကြီးဦးဆောင်တဲ့အဖွဲ့ သူအောက်မှာ ခမရ ခလရ တပ်ရင်း ၄ ရင်းရှိတယ် အဲ့ဒီကလာဖမ်းတာ နေပြည်တော်အချုပ်ကို ပို့ထားတယ် ပြီးမှစစ်ခုံရုံးပို့မှာ”ဟု ရှင်းပြသည်။

ဖမ်းဆီးခံရသူမှာ နေပြည်တော်ခုတင် ၃၀၀ စစ်ဆေးရုံမှ ပါရဂူဗိုလ်မှူးကျော်ဖုန်းမြင့်ဖြစ်ပြီး ဇနီးဖြစ်သူ ဗိုလ်ကြီးအိအိခိုင်ကိုလည်း စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု စစ်တပ်အသိုင်းအဝိုင်းက သိရသည်။

ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက KIO ၆၂ နှစ်ပြည့် အကြို အခမ်း အနားကျင်းပနေစဉ် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ကချင်အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဂီပညာရှင် အပါအဝင် ပြည်သူ ဆယ်နှင့်ချီကာ သေဆုံးခဲ့သည်။