စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ယူမှုကို Non CDM ပညာရေးဝန်ထမ်းများ လုပ်ဆောင်ပေးနေရခြင်းကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရ

Author လင်းခိုင်
Categories
Published on Jan 07, 2023

စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ယူမှုကို Non CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမများမှ ဦးဆောင်ကောက်ယူ ပေးနေရလျှက်ရှိခြင်းကြောင့် စာသင်ကျောင်းအချို့တွင် ဆရာ၊ဆရာမ မလုံလောက်တော့ဘဲ ကျောင်းပိတ်ထားရသည့် ရက်များပင် ရှိလာနေကြောင်း  Non CDM ဆရာ၊ ဆရာမများထံမှ စုံစမ်းသိရှိသည်။

စစ်ကောင်စီက ယခုလ ၉ ရက်နေ့တွင် လူဦးရေစာရင်း ကောက်ယူမှုကိုပြု လုပ်မည်ဖြစ်ပြီး၊ ယင်းကဲ့သို့ ကောက်ခံမှုကို စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လမ်းမှူးနှင့် Non CDM ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးရမည် ဖြစ်သည်။

“ကျွန်မတို့ကို ပြောတာကတော့ အခုကောက်တဲ့ လူဦးရေစာရင်းက မဲထည့်ဖို့နဲ့မဆိုင်ဘူး။ လူဦးရေ သန်းခေါင်စာရင်းကို သုံးလပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်မယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ ကောက်ခိုင်းတာလို့ပြောထားတယ်” ဟု အမည်မဖော်လိုသူ Non CDM ဆရာမတစ်ဦးက CJ Platform သို့ပြောကြားသည်။

ထို့ကဲ့သို့ Non CDM ဆရာ၊ ဆရာမများမှ လူဦးရေစာရင်းကောက်ယူရန် ဆောင်ရွက်ရမည်ဖြစ်သဖြင့် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် အချို့စာကျောင်းများတွင် ဆရာ၊ ဆရာမ အင်အား မလုံလောက်တော့သည့် အတွက် တစ်လလုံး ကျောင်းဖွင့်ရက် ၁၀ ရက်ခန့်သာ ရှိကြောင်းလည်း စစ်ကောင်စီ ကျောင်းတက်ရောက်နေသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီလတစ်လလုံး ကျောင်းတက်ရက်က ၁၀ ရက်လောက်ပဲရှိတယ်လို့ ဆရာမကပြောတယ်။ သူတို့တွေ လူဦးရေစာရင်းကောက်ယူတာနဲ့ အလုပ်ရှုပ်နေတော့ ကျောင်းမှာ စာမသင်နိုင်ဘူးလို့ပြောတယ်” ဟု လှိုင်မြို့နယ်ရှိ ကျောင်းသားတစ်ဦးက CJ Platform သို့ပြောသည်။

စစ်ကောင်စီက ကောက်ယူမည့် လူဦးရေစာရင်းကို မှန်ကန်စွာ ဖြည့်စွက်ခြင်းများ မပြုလုပ်ပါက တရားစွဲဆိုခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက် ပြောဆိုမှုများလည်း ရှိနေသည်။

“အိမ်မှာ လူမရှိရင် မရှိတဲ့ လူတွေရဲ့စာရင်းပါပေးရမယ်ဆိုပြီးတော့ လမ်းမှူးကလာပြောတယ်။ သူတို့က လမ်းထဲက လူတွေ ဘယ်သူတွေရှိတယ်ဆိုတာ အချက်အလက်တွေ ရှိပြီးသားတဲ့၊ အဲ့ဒါကို လိမ်ပြီးပြောရင် နင်တို့ ဒုက္ခရောက်မယ်ဆိုပြီး ပြောသွားတယ်။ အဲ့ကောင်တွေက စစ်တပ်ခိုင်းသမျှလို က်လုပ်ပေးနေတဲ့ နွားတွေ” ဟု ကမာရွတ်မြို့နယ်ရှိ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ကောက်ယူမည့် လူဦးရေစာရင်းကို စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ကာ၊ Non CDM ဆရာ၊ ဆရာမများ၊ အရံမီးသတ်အဖွဲ့၀င်များဖြင့် ရပ်ကွက်အလိုက် တစ်နေ့လျှင် အိမ်ထောင်စု ၄၀ခန့် ကောက်ယူရမည်ဖြစ်ပြီး ညနေပိုင်းတွင် စာရင်းများကို မြို့နယ် လ၀က သို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ ကောက်ယူမည့် လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်ထိ တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူမည် ဖြစ်ကာ၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအတွက် ဖြစ်သည့်အပြင် တော်လှန်ရေးသမားများနှင့် CDM သမားများကို ပစ်မှတ်ထားရှာဖွေရန် ဆောင်ရွက်ခြင်းသဖြင့် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။