စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့မှ နေအိမ်နှစ်လုံး ထပ်မံမီးလောင်

Author သီရိ
Categories
Published on Feb 13, 2024

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့က အမှတ်(၉၇ )ခြေလျင်တပ်ရင်း၊ ကော့ကရိတ်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ၁၂)နှင့် စစ်ကောင်စီတပ် အထိုင်ချထားသည့် နေရာအနှံ့အပြားမှ လက်နက်ကြီးများဖြင့် အရပ်သား နေအိမ်များအား ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သား နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၂ရက်နေ့ နေ့လယ် ၂နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အမှတ် (၃) ရပ်ကွက် အထက (၁) ကျောင်းအနီးရှိ မရိုစီ၏နေအိမ် တစ်လုံးနှင့် အခြားနေအိမ် တစ်လုံး စုစုပေါင်းနှစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ရပ်ကွက်နေအမျိုးသား တစ်ဦးက ပြောသည်။

 

“အခုလောင်တဲ့မီးက အလုံးကြီးကျပြီး လောင်တာလေ တိုက်ပွဲဖြစ်ရင်းလောင်တာတော့ မဟုတ်ဘူး ဟိုပစ်ဒီပစ် ပစ်ရင်းလောင်တာ အဲ့ဒါကြောင့် အိမ်နှစ်လုံး လောင်တာပေါ့”ဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

 

ကော့ကရိတ်မြို့တွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ သွားလာနိုင်သည်ဟု ယူဆသည့် လမ်းနှင့်ရပ်ကွက်များကို စစ်ကောင်စီတပ်ဘက်မှ မီးရှို့ဖျက်ဆီးမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ၅မှ တပ်ခွဲမှူး ရဲဘော်သောမတ်က ဆိုသည်။

 

“ကျွန်တော်တို့ ရောက်နေပြီတို့ တော်လှန်ရေးအင်အားစုတွေဘက်က ရောက်နေပြီတို့ ကျွန်တော်တို့လာနိုင်တဲ့ လမ်းတွေ ၊ရပ်ကွက်တွေ မှန်သမျှ မီးရှို့တာမျိုးတွေ ၊လက်နက်ကြီးနဲ့ ပစ်တာမျိုးတွေ ဟောင်ဝစ်ဇာနဲ့ ပစ်တာမျိုးတွေ နေ့စဉ်ရက်ဆက်ကို လုပ်နေတာပေါ့”ဟု ရဲဘော်သောမတ်က ဆိုသည်။

 

ထို့အပြင် ကော့ကရိတ်မြို့တွင်းရှိ နေအိမ်အခြေအနေများကို သွားရောက် ကြည့်ရှုသူများကိုလည်း စစ်ကောင်စီတပ်ဘက်မှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ကော့ကရိတ်မြို့အတွင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ နေအိမ်မီးရှို့မှုများကြောင့် မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပေါ်နေကာ ယခု ဖေဖော်ဝါရီလ ၅ရက်နေ့ကလည်း လက်နက်ကြီးကြောင့် အမှတ်(၂) ဝင်ကြီးရပ်ကွက်မှ နေအိမ်၅လုံး မီးလောင်ကျွမ်းသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

Related News

Depend on news