စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းပျက်စီးခဲ့သဖြင့် ဆက်သွယ်ရေးပစ္စည်းနှင့် လုံခြုံရေးပစ္စည်းများ ၀ယ်ယူရန် လိုအပ်ချက်များရှိနေ

Author လင်းခိုင်
Categories
Published on Jan 05, 2023

 

KNU တပ်မဟာ (၆)၊ ကော့ကရိတ်စစ်ရေး ဧရိယာ၌ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါင်းမင်းစစ်ကြောင်း စခန်းပျက်စီးခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းနှင့် လုံခြုံရေးပစ္စည်းများ ၀ယ်ယူရန် လိုအပ်ချက်များရှိနေကြောင်း ယင်းစစ်ကြောင်း တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

 

“ နှစ်သစ်ကူး မတိုင်ခင် ညက နှစ်ကြိမ်တိတိ ကျွန်တော်တို့ စခန်းကို ဗုံးကြဲခံရတယ်။ လူတွေတော့မထိခိုက်ပေမယ့် ပစ္စည်းအတော်များများပျက်စီးဆုံးရှုံးသွားတယ်။ လိုအပ်ချက်တွေရှိနေတာမို့လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီဖို့ မေတ္တာရပ်ခံပါတယ်” ဟု အဆိုပါ တာ၀န်ရှိသူက ပြောကြားသည်။။

ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စခန်း၏ ၄ ပုံ ၁ပုံခန့်ပျက်စီးမှုများရှိခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေများကြောင့် ယခုမှ ထုတ်ပြန်ပြောကြားခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

“ပထမနေ့ည ၁၁ နာရီမှာ တစ်ကြိမ်၊ ၁၂ နာရီမှာ တစ်ကြိမ် သင်္ကန်းညီနောင်မှာရှိတဲ့ စခကုန်းကနေ Missiles တွေနဲ့ပစ်တာ စခန်းကို ကျည်ငါးလုံးကျတယ်။ ဒုတိယရက်မှာ ည ၁၂ နာရီကနေ မနက် ၂ နာရီအထိ လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲပြီးတော့ စက်သေနတ်နဲ့ပါပစ်တယ်။ လေယာဉ်ပေါ်ကနေ ပေါင် ၅၀၀ ဗုံးကြဲလို့ စခန်းကို ထိခိုက်သွားတာ” ဟု ဒေါင်းမင်းစစ်ကြောင်း တာ၀န်ရှိသူက ပြောကြားသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူ နှစ်ကြိမ်တိုင်တိုင်အသုံးပြုမှုကြောင့် ဒေါင်းမင်းစစ်ကြောင်းစခန်းတွင် အခိုင်အမာတည်ဆောက်ထားသည့် တဲနှစ်လုံးမှ အပ အားလုံးပြိုပျက် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ အခုတော့ လတ်တလော စခန်းပြောင်းရွှေ့ထားပြီး၊ ယာယီစခန်းတစ်ခုချထားတယ်။ ပျက်စီးသွားတဲ့ ပစ္စည်းတွေထဲမှာ တပ်ဖွဲ့အတွက် အရေးကြီးတဲ့ ဆက်သွယ်ရေးနဲ့ လုံခြုံရေးပစ္စည်းတွေ၀ယ်ယူဖို့ လိုအပ်ချက်ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒေါင်းမင်းတပ်ဖွဲ့ရဲ့ Facebook Page ကနေ ဆက်သွယ်ပြီး ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု တာ၀န်ခံက ပြောကြားသည်။
ဓာတ်ပုံ-ဒေါင်းမင်းစစ်ကြောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒေါင်းမင်းစစ်ကြောင်း #ကော့ကရိတ်