စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့မှ နေအိမ် ၅ လုံး ထပ်မံမီးလောင်

Author သီရိ
Categories
Published on Feb 07, 2024

ကရင်ပြည်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီလ ၅ရက်နေ့က စစ်ကောင်စီတပ်လက်အောက်ခံ အမှတ်(၉၇)ခြေလျင်တပ်ရင်းနှင့် ကော့ကရိတ်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ၁၂)တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ် ၅ လုံး ထပ်မံမီးလောင်ပျက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

 

ဖေဖော်ဝါရီလ ၅ရက်နေ့ မနက်အစောပိုင်းမှ စတင်ကာ ညနေ ၅နာရီခန့်ထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး နေ့လယ်၂နာရီခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့ အမှတ်(၂)ဝင်းကြီးရပ်ကွက်မှ ပြည်သူ့နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

 

“မီးလောင်တဲ့အချိန်က ၂နာရီလောက်တော့ ရှိလောက်တယ် မီးလောင်တာက အိမ်နားပဲဆိုတော့ ပစ္စည်းတွေ ပြေးသယ်ရတာပေါ့ အိမ်ကတော့ ၅ လုံး ပါသွားတယ် မီးက ညနေလောက်မှ ငြိမ်းတယ် မီးကတော့ တငွေ့ငွေ့ပေါ့  တိုက်ပွဲလည်း တစ်နေကုန်ပဲ ပစ်နေကြတာနားလိုက်ပစ်လိုက်နဲ့ ဒရုန်းတွေလည်းလာချသေးတယ် သုံးလုံးတောင် ဘယ်ဘက်ကလည်းတော့ မသိဘူး”ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ထို့အပြင် စစ်ကောင်စီတပ် လက်အောက်ခံ ခလရ ၉၇ တပ်ရင်းနှင့် စကခ ၁၂ တို့မှ ကော့ကရိတ်မြို့နေရာအနှံ့အား နေ့စဉ် လက်နက်ကြီး အလုံး ၅၀ ထက်မနည်း ပစ်ခတ်နေကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ကော့ကရိတ်မြို့အတွင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ၊ပစ္စည်းခိုးယူသူများမှ နေအိမ်များ မီးရှို့ခြင်းများကြောင့် မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပေါ်နေလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖေဖေါ်ဝါရီ ၂ရက်နေ့ကလည်း ရှို့မီးကြောင့် ကော့ကရိတ်မြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ နေအိမ် ၅ လုံး မီးလောင်ကျွမ်းသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

 

ဓာတ်ပုံ − ပေးပို့