စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ဟန်ပြဖြစ်ပြီး အကြမ်းဖက်မှုကို ပိုမိုဖြစ်ပွားရန် တွန်းအားပေးခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ပြောကြား

Author လင်းခိုင်
Categories
Published on Nov 08, 2022

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ဟန်ပြဖြစ်ပြီး အကြမ်းဖက်မှုကို ပိုမိုဖြစ်ပွားရန် တွန်းအားပေးခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဂျေ ဘလင်ကန်က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ယနေ့(နို၀င်ဘာ ၈ ရက်) တွင် ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ၂ နှစ် ယခုလိုနေ့တွင် စစ်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည် တိုးတက်ပြောင်းလဲမှု မှတ်တိုင်တစ်ခုဖြစ်သည့် အများလက်ခံသော ငြိမ်းချမ်းစွာကျင်းပသည့် ပါတီစုံ ရွေးကောက်ပွဲကို ပြည်သူများ ဆန္ဒမဲပေးခဲ့ကြောင်း၊ မြန်မာပြည်သူများသည် ဒီမိုကရေစီ သံန္နိဌာန်ကို ထပ် လောင်းအတည်ပြုခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်အာဏာရှင်က အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီတိုးတက်ပြောင်းလဲမှု နောက်ပြန်လှည့်စေခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လူပေါင်း ၂၄၀၀ ကျော်သတ်ဖြတ်ခြင်း၊ သမ္မတ ဦး၀င်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူပေါင်း ၁၆၀၀၀ ကျော်ဖမ်းဆီးခြင်းတို့သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီးက ဆက်လက်ပြောကြးသည်။

ထို့ပြင် ပြည်သူများထံ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုကို ကန့်သတ်ရန် ကြိုးစားနေပြီး မြန်မာပြည်သူများ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အာဏာရှင်အဖွဲ့အစည်းသည် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ခြင်းနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကလေးသူငယ်များ၊ ယဉ်ကျေးမှုဆိုင်ရာ ခေါင်းဆောင်များနှင့် အခြားအပြစ်မဲ့ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို စစ်ကောင်စီက အရှိန်မြှင့်ဆောင်ရွက်လာသည်ဟု ယင်းက ဆိုသည်။

ယင်းအပြင် အာဏာရှင်အဖွဲ့အစည်း၏ ဟန်ပြရွေးကောက်ပွဲစီစဉ်နေမှု အပေါ် မိမိတို့နားလည်ပြီး အဆိုပါ ရွေးကောက်ပွဲသည် လက်ရှိ အနေအထားအရ လွတ်လပ်ပြီး တရားမျှတမှုရှိရန် မဖြစ်နိုင်သကဲ့သို့ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားရန် တွန်းအားပေးခြင်း၊ အကြပ်အတည်းကို ပိုမိုကြာရှည်စေခြင်းနှင့် တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အန်တိုနီဂျေဘလင်ကန်ကပြောကြားသည်။

၂၀၂၀ မြန်မာနိုင်ငံရွေးကောက်ပွဲ ၂နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် NUG ၊ NUCC ၊ ရိုဟင်ဂျာ လူမျိုးများကဲ့သို့ လူနည်းစု တိုင်းရင်းသားအဖွဲ့များအပါအ၀င် ဒီမိုကရေစီ အရေးလှုပ်ရှားမှုများကို မိမိတို့ ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးကပြောကြားသည်။

ထို့ကြောင့် အကြမ်းဖက်မှုမျာရပ်တန့်ရန်နှင့် ပြည်သူများ တောင်းဆိုနေကြသည့် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူဂုဏ်သိက္ခာတို့ကို လေးစားလိုက်နာရန် အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရင်း ယင်းတို့၏ ၀င်ငွေရလမ်းနှင့် အရင်းအမြစ်များကို ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စု သည် မိတ်ဖက်များနှင့် အတူ ဆက်လက် ဆောင်ရွက်သွားမည်ဟု အန်တိုနီဂျေဘလင်ကန်က ဆိုသည်။

ဓာတ်ပုံ- US embassy Rangoon

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform