စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ရန် ပါတီတွင်းနေရာလုမှုများ ရှိနေသော်လည်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွက် ရွေးချယ်ခံလိုသူမရှိဖြစ်နေ

Author ကိုပေါက်
Categories
Published on Oct 20, 2022

ရွေးကောက်ပွဲမဖြစ်သေးသော်လည်း ကြံ့ဖွံ့ပါတီက ထိပ်ပိုင်းအချို့က လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိရေးကြိုးစားနေကြသည်ဟု ကြံ့ဖွံ့ပါတီနှင့်နီးစပ်သူများထံမှ သိရသည်။

ဗိုလ်မှူးချုပ်ဟောင်းခင်ရီ ဥက္ကဌဖြစ်လာပြီးနောက် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများရှိပြီး ကြံ့ဖွံ့ပါတီမှ အလုပ်အမှုဆောင်အချို့လည်း ရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက် သူထက်ငါ ကြိုးစားနေကြသည်ဟု ကြံ့ဖွံ့ပါတီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုရွှေမန်းတို့လည်းနားသွားပြီဆိုတော့ ကြံ့ဖွံ့က သူတို့အသာရမယ် ထင်နေတာ ရွေးကောက်ပွဲ ဖြစ်မယ်မဖြစ်ဘူးဆိုတာ မသိဘူး ပါတီမှာ ဂိုဏ်းဂဏတွေ ကွဲနေတယ် ဝင်ရွေးချင်သူက များနေတယ်”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီဥက္ကဌ ဦးသန်းဌေးကို လူအင်အားဖြင့် ပါတီမှဖယ်ရှားခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်းခင်ရီ ဥက္ကဌဖြစ်လာပြီးနောက် ရွေးကောက်ပွဲအတွက် စတင်စည်းရုံးမှုတွေလုပ်လာသည်ဟု အမည်မဖော်လိုသူပါတီဝင်တစ်ဦးက ပြောသည်။

“ရန်ကုန်မှာရှိတဲ့ ပါတီဝင်တွေအကုန်ခေါ်တွေ့တယ် ဦးခင်ရီက ရွေးကောက်ပွဲအတွက် ပြောကြဆိုကြတာတွေ ရှိတယ်ဒီလိုပဲ ပြည်နယ်နဲ့တိုင်းတွေမှာလည်း တွေ့ကြတယ် ရွေးကောက်ပွဲက မဖြစ်သေးဘူး ကိုယ်စားလှယ်ဖြစ်ချင်သူကများနေတယ်”ဟု ရှင်းပြသည်။

ယခင်ကပါတီတွင် ဝင်ရောက်ရွေးချယ်ခဲ့သူများမှာ ထပ်မံဝင်ရောက်ယှဥ်ပြိုင်ရန်သာ ပြုလုပ်နေကြပြီး ရွေးကောက်ပွဲအောင်နိူင်ရေးစဥ်းစားမှုမရှိ၍ ပါတီအကြီးအကဲများက သတိပေးပြောဆိုတာတွေ ပြုလုပ်နေရသည်ဟု မြို့နယ်စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

“ဦးမြင့်လှိုင်တောင်ပြောတယ် အချောင်ရလိုစိတ်နဲ့ ဝင်ပြိုင်ရင် ရွေးကောက်ပွဲမအောင်နိူင်ဘူးဆိုပြီး ပြောချင်တာ အခုရွေးခံချင်တဲ့သူတွေက အေးချမ်းတဲ့နေရာတွေမှာ ပြိုင်ချင်တာ စစ်ကိုင်းနဲ့ချင်းကို စာရင်းပေးမဲ့သူမရှိလို့”ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြံ့ဖွံ့ဥက္ကဌဦးခင်ရီအပါအဝင် ထိပ်သီးခေါင်းဆောင်များက ရန်ကုန်၊ နေပြည် တော်နှင့်ပြည်နယ်နှင့်တိုင်းအချို့မှာ ပါတီဝင်အချို့နှင့် တွေ့ဆုံခဲ့ကြသည်။