စစ်ကောင်စီ၏ ရေးတံတားကြီးစစ်ဆေးရေးဂိတ်အတိုက်ခံရ ဗိုလ်ကြီးအပါဝင် ၄၀ကျော် သေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

Author လဂွန်းအိမ်
Categories
Published on Oct 23, 2023

မွန်ပြည်နယ် ရေးမြို့နယ် ရေးတံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ဆယ်နှင့်ချီသေဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများနှင့် ရေးတံတာကြီး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်တပ်တို့ ၃ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဖက်မှ စစ်ကူများရောက်ရှိလာပြီး အင်အား ၁၀၀ ခန့်ဖြင့် ခုခံတိုက်ခိုက်ခြင်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေးခြင်းကြောင့် တော်လှန်ရေးအင်အားစုများ စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများ ဆုတ်ခွာလာသည့် လမ်းကြောင်းအတွင်း စစ်ကောင်စီမှ ခြုံခိုတိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုများမှ ခြုံခိုတိုက်ခိုက်သည့် ကင်းပုန်းနေရာများအား စီးနင်းတိုက်ခိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

” ကျွန်တော်တို့ဘက်က ကျဆုံးမှုမရှိခဲ့ပါဘူး ၁၂ ယောက်တော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ရေး ပြောက်ကျားတပ်ဖွဲ့မှ CJ Platform သို့ပြောပါသည်။

အဆိုပါ တိုက်ပွဲအား ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်( MSRF )၊ ABSDF တပ်ရင်း – ၁ တို့မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄၀ ကျော် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီမှ ဘန်ကာအခိုင်အမာတည်ဆောက်ထားပြီး ခရီးသွပြည်သူများအား ငွေကြေးတောင်းခံခြင်း စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည့် ရေးတံတားကြီးဂိတ်အား တိုက်ပွဲဖြစ်သည့်နေ့မှ နောက်တစ်နေ့ညအထိ ပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။