စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဝေလူးကျေးရွာမှ ပြည်သူများ ဆေးကုသစရိတ် လိုအပ်နေ

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ လေးဦးအနက် သုံးဦးသည် ဆေးကုသမှုခံယူနေရပြီး ဆေးကုသစရိတ်အပြင် အကူညီများစွာ လိုအပ်လျက်ရှိကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ကျေးရွာတွင် ကုသပြီးနောက် သက်သာပျောက်ကင်းခဲ့ကာ ကျန်သုံးဦးမှာ လွတ်မြောက်ရာနေရာများတွင် ယခုလက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ဆေးကုသမှုခံယူနေရသော ဒေါ်ခေးခဲန်သည် ဒဏ်ရာသက်သာလာပြီး၊ မကြာမီအချိန်အတွင်း ဆေးရုံဆင်းခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဒေါ်ပမ်းဆောင်သည် အပြင်ပိုင်း ဒဏ်ရာများ ပျောက်ကင်းသက်သာသွားသော်လည်း မျက်စိဒဏ်ရာ (နှစ်ဖက်စလုံး မျက်ကြည်လွှာထိ)သည် မျက်စိအထူးကုဆေးရုံ၌ ဆက်လက်ကုသရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခု ဆေးရုံသည် လုံခြုံရေးအခြေအနေအရ အခြားနေရာသို့ ရွေ့ပြောင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူနာများကိုရွေ့ပြောင်းပေးရန် ကားငှားရမ်းခနှင့် အခြားဆေးဝါးကုသစရိတ်များ ဆက်လက် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်နှီးချောမ်သည် အရိုးနှင့်အကြောဆေးရုံတွင် လနှင့်ချီပြီး ဆေးကုသမှု ဆက်လက်ခံယူရမည်ဖြစ်ကာ အသိမိတ်ဆွေမရှိသဖြင့် စားသောက်ရေးအတွက် အခက်အခဲများရှိနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ဒဏ်ရာရ လူနာများအား ဒီဇင်ဘာလ ၄ ရက်နေ့တွင် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သွားရောက်တွေ့ဆုံပြီး၊ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီမှ ဝေလူးကျေးရွာအတွက် အလှူငွေကောက်ခံ ရရှိမှုထဲမှ ဒေါ်ပမ်းဆောင်အတွက် ကျပ် (၁၀)သိန်း ၊ ဒေါ်နှီးချောမ်အတွက် ကျပ် (၅) သိန်း၊ ဒေါ်ခေးခဲန်အတွက် ကျပ် (၅) သိန်းနှင့် လူနာနှင့် လူနာစောင့်များအတွက် ဆန်တစ်အိတ် ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် ဒေါ်ပမ်းဆောင်အတွက် အ.ထ.က-ဆိုက္က(အထက်) ဆရာ၊ဆရာမများမှ လှူဒါန်းငွေ နှင့် အထက်တန်းပြ CDM ဆရာမတစ်ဦးမှ လှူဒါန်းငွေတို့ ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ ခွဲ အချိန်တွင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်ခရိုင် ၊ မတူပီမြို့နယ်တွင် စစ်တပ်က ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် အပါအ၀င် ၁၁ ဦး သေဆုံးပြီး အမျိုးသမီး လေးဦး ထိခိုက်ခဲ့သည့်အပြင် အထိအခိုက် အပျက်အစီးများစွာ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ -မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့