စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘောသုံးစီးကို AA က တိုက်ခိုက်နှစ်မြုပ်

Author အဂ္ဂ
Categories
Published on Feb 09, 2024

ရက္ခိုင့်တပ်တော် (AA) သည် ယမန်နေ့ (ဖေဖော်ဝါရီ ၈ ရက်)က ဆင်နွှဲခဲ့သည့် ပင်လယ်ပြင်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘောသုံးစီးကို  နှစ်မြုပ်သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ အစုံသုံးကာ ခုခံစစ်ဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်လျက်ရှိသည်။ ထိုတိုက်ပွဲအတွင်း ဖေဖော်ဝါရီလ (၇) ရက်နှင့် (၈) ရက်တို့တွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်က တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး မြစ်အတွင်းရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘောသုံးစီးကို နှစ်မြုပ်သွားအောင် တိုက်ခိုက်နိုင်ခဲ့ကာ အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

 

ရက္ခိုင့်တပ်တော်သည် ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏ စစ်သင်္ဘော ခုနစ် စင်းခန့်ကို သွားလာ၍မရအောင်နှင့် မြစ်အတွင်းရေချ၍ မရနိုင်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ ကမ်းထိုးယာဉ်နှင့် စစ်သင်္ဘော စုစုပေါင်း သုံးစင်းတို့ကို ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် လက်နက်ချအညံ့ခံရန် ပြောသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း မြစ်ကြောင်းအတွင်းတွင် လိုက်လံရှာဖွေကာ တစ်ယောက်မကျန် လိုက်လံချေမှုန်းလျက်ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

 

စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစင်းကို နှစ်မြုပ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် “ရက္ခိုင့်တပ်တော်၏ သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သော နေ့လည်းဖြစ်သည်” ဟု ညီနောင်သုံးဖွဲ့က ဆိုထားသည်။

 

ထိုပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာ ထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်ဟု ဆက်လက်ဖော်ပြထားပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့် အချိန်အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

 

အသေးစိတ် အချက်အလက်များ သိရှိနိုင်ရန် CJ Platform အနေဖြင့် ရက္ခိုင့်တပ်တော်တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော်သည် မြောက်ဦးမြို့တွင် တစ်ခုတည်းသာကျန်တော့သည့် စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော အမှတ်(၃၁) ရဲတပ်ရင်းကိုလည်း အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

 

ထို့ကြောင့် ရက္ခိုင့်တပ်တော်သည် ချင်းပြည်၊ ပလက်ဝဒေသတစ်ခုလုံး၊  ရက္ခိုင်ပြည်ရှိ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးနှင့် ရက္ခိုင်ပြည်အနှံ့အပြားရှိ စစ်ကောင်စီ၏ တပ်စခန်းကြီး၊ လတ်၊ သေး စုစုပေါင်း (၁၈၀) ကျော်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

 

ဓာတ်ပုံ – pro SCA

 

ပုံစာညွှန်း – တပ်မတော်ရေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် တွေ့မြင်ရသည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘောများ (ပုံအဟောင်း)