စစ်ကောင်စီ၏ ညမထွက်ရအမိန့်ကြောင့် မြွေကိုက်ခံရသည့် လူနာတစ်ဦးဆေးကုသခွင့်မရပဲသေဆုံး

Author ခေတ်နီ
Categories
Published on Dec 21, 2022

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီ၏ ညမထွက်ရအမိန့်ကြောင့် မြွေကိုက်ခံရသည့် ဒေသခံတစ်ဦး အချိန်မီဆေးကုသခွင့်မရပဲ သေဆုံးခဲ့ကြောင်း အဆိုပါ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် အသက် ၆၁နှစ်အရွယ် အမျိုးသားတစ်ဦးသည်ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မြွေကိုက်ခံခဲ့ ပြီးနောက် ဆေးကုသမှုလိုအပ်နေသော်လည်း စစ်ကောင်စီ၏ ညမထွက်ရအမိန့် ထုတ်ထားမှုကြောင့် လုံလောက်သည့် ဆေးကုသမှုများမရရှိခဲ့ပဲ အသက်သေဆုံးခဲ့ရတာပဲဖြစ်သည်။

“ဒီဖက်မှာက ဆေးကုတဲ့နေရာ လုံလုံလောက်မရှိဘူး စစ်ကောင်စီဘက်က ၈ နာရီကျော်ရင် ညမထွက်ရတဲ့ အမိန့်ထုတ်ထားတော့ ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခပိုရောက်တယ် သေရေးရှင်ရေးဖြစ်နေတာတောင် ဆေးရုံဆေးခန်း ချက်ချင်းမသွားရဲဘူး မနက်မိုးလင်းသည်အထိ စောင့်ပြီးမှ ဆေးရုံသွားရတယ်။ အဲဒီတော့ ဆေးကုသမှု အချိန်မီမရတော့ အသက်အသေခံရတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ကုန့်ဘလူဒေသတွင်း ဒီဇင်ဘာ၁၃ ရက်မှ ၂၀ရက်အတွင်း ကိုးထောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်တို့မှ ဒေသခံ ၂ ဦးလည်း မြွေကိုက်ခံခဲ့ရသည်။

“အဓိကက ဒီဖက်မှာ ဆေးကိုလိုသလောက်မရဘူး စစ်တပ်က အဝင်အထွက်လမ်းတွေမှာ ထိန်းချုပ်ထားတော့ ခက်ခက်ခဲခဲရှာရတယ် ပြီးတော့ ဆေးရောင်းတဲ့သူတွေက ဒါကိုအခွင့်ကောင်းယူပြီး စျေးမတန်တဆ တင်တာရှိတယ် အဲ့တော့ ကျွန်တော်တို့က စျေးကို လိုက်ထိန်းရတာရှိတယ် အဓိက ကတော့ငွေကြေးပေါ့ ငွေကြေးလုံလောက် ရင်တော့ ဆေးစျေးကြီးလဲ ပြဿနာမဟုတ်ဘူးလေ”ဟုစစ်ရှောင်များအား ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် ဒေသခံကျန်းမာရေးဝန်ထမ်း ဂျောင်ဒီအွန်မှ CJ Platformသို့ပြောသည်။

ကိုးထောင်ဘို့ တိုက်နယ်အတွင်း ယခုနှစ် ဧပြီလမှစတင်ကာ စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရသူ ၄၂ ဦးထိ ရှိနေပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးထိသေဆုံးခဲ့ပြီးဖြစ်ကာ စစ်ကောင်စီတပ်မှ ကိုးထောင်ဘို့ တိုက်နယ်အတွင်းမှာ ဆေးဝါးများကို ကန့်သတ်ထားမှုများကြောင့် BPIထုတ် မြွေဆိပ်ဖြေဆေးတစ်လုံးပင်လျင် တစ်သိန်း ရှစ်သောင်းကျပ်အထိ ပေးဝယ်နေရတာပဲ ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ကိုးထောင်ဘို့ #မြွေဆိပ်ဖြေဆေး #စစ်ဘေးရှောင်