စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား တရားမဝင်ဟု NUG ထုတ်ပြန်ကြေညာ ၊ အမျိုးသမီးပါ ပါဝင်သည့် စစ်သားသစ်စုဆောင်းခြင်းကို သင်္ကြန်ရုံးပိတ်ရက်များအပြီး စတင်မည်ဟု စစ်ကောင်စီဆို
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အသက်သွင်းရန် ကြိုးပမ်းလာမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ တရားဝင်ခြင်းမရှိဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း တပ်သားသစ် စုဆောင်းခြင်းကို လာမည့် သင်္ကြန်ရုံးပိတ်ရက်များ အပြီး စတင်မည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် BBC (မြန်မာပိုင်း)သတင်းဌာနသို့ ပြောဆိုသည် ။
စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်နေ့ စနေနေ့၌ ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေအတွင်း ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်မှုထမ်းရန် ဆင့်ခေါ်မည်ဖြစ်ကြောင်း ပါရှိသည်။
ပညာရှင်ဟု စစ်တပ်က သတ်မှတ်ပါက စစ်မှုထမ်းရမည့် အသက်ကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည် ဟုပါရှိကာ စစ်မှုထမ်းသက်တမ်းအား ၂ နှစ် သတ်မှတ်ပြီး အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ် အထိတိုးမြှင့်နိုင်သည်ကြောင်းလည်း စစ်ကောင်စီမှ ယင်းဥပဒေအတွင်း ထည့်သွင်းဖော်ပြသည်။
စစ်မှုထမ်း ဥပဒေထွက်ပေါ်လာပြီးနောက် စစ်ကောင်စီ နယ်မြေစိုးမိုးမှု အားကောင်းသည့် ရန်ကုန်၊မန္တလေးစသော မြို့ကြီးများ၌ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရှိခဲ့ကာ တော်လှန်ရေးအင်အားစုများဘက်မှလည်း အချိန်ကိုက် တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူသည့် ကြေညာချက် အသီးသီးအား ထုတ်ပြန်ကာ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ယင်းတပ်ရင်းတပ်ဖွဲ့များထံသို့ CJ Platform ၏ ဆက်သွယ်မေးမြန်းထားမှုများ အရ သိရသည်။
စစ်ကောင်စီ ထုတ်ပြန်သော စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ၃ရက် အကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်အား NUG မှ ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အတွင်း၌ “စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုအနေဖြင့် လုံးဝ လိုက်နာရန်မလိုပါ”ဟု ပါရှိသည်။
NUG ၏ ထုတ်ပြန်ချက် မကြေညာမီ အချိန်တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကောက်ယူခဲ့သော ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိနေပါတယ်”ဟု ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မီဒီယာများမှ တဆင့်ပြောဆိုခဲ့သည်။
ထို့ပြင် စစ်မှုထမ်းရန်အတွက် နိုင်ငံအတွင်းရှိ ရပ်ကွက်ကျေးရွာပေါင်း ၆ သောင်းကျော်မှ တစ်ရပ်ကွက်လျှင် တစ်ဦးအထက် သို့မဟုတ် နှစ်ဦးအထက် ပို၍ ဆင့်ခေါ်နိုင်ခြင်း မရှိကြောင်းနှင့် စစ်မှုထမ်းရန် လူသစ် စုဆောင်းခြင်းအား သင်္ကြန်ရုံးပိတ်ရက်များအပြီးတွင် စတင်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ BBC(မြန်မာပိုင်း)သတင်းဌာန သို့ ယမန်နေ့ တွင် ပြောကြားခဲ့သည်။
စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ ထုတ်ပြန်မလာမီ သန်းခေါင်စာရင်းကောက်ယူခြင်း၊ Biometric System( လက်ဗွေ/မျက်လုံးစကန် ဖတ်ခြင်းကဲ့သို့သော ဇီဝစနစ် သုံး မှတ်ပုံတင်ခြင်း)များကို ၎င်းတို့ စိုးမိုးမှုအားကောင်းသည့် မြို့ကြီးများ၌ စနစ်တကျ ပြုလုပ်ခဲ့ကြကာ ယခုကဲ့သို့ ဥပဒေအား စတင် အသက်သွင်းလာချိန်တွင်လည်း ထပ်မံ၍ စာရင်းကောက်ယူခြင်း၊ မှတ်တမ်းတင် ခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ယခုကဲ့သို့ စစ်ကောင်စီလက်အောက်၌ စစ်မှုမထမ်းလိုသည့် ပြည်သူလူထုကိုလည်း ကြိုဆိုကာ တပ်ဖွဲ့ဝင်သစ်များ ဖိတ်ခေါ်လျက် ရှိကြောင်း၊ လျှောက်လွှာဖောင်များဖြင့် ခေါ်ဆိုရာ၌ ရက်ပိုင်းအတွင်း လျှောက်ထားသည့် အရေအတွက်မှာ နှစ်ထောင်ကျော်မျှ ရှိသည်ဟု ရန်ကုန်တိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ပြောသည်။
ည
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြန်ကြားရေးတာဝန်ခံ ကို Osmond မှ လည်း “ကျွန်တော်တို့နဲ့ လက်တွဲတာဝန်ထမ်းဆောင်ချင်တယ် တိုက်ပွဲဝင်ချင်တယ်ဆိုလည်း ကျွန်တော်တို့က ကြိုဆိုပါတယ်။ အယောက်စီတိုင်း လူငယ်တိုင်းကို လက်ခံပြီးတော့ နေရာပေးနိုင်မဲ့ အနေအထားမျိုးလည်း ပြင်ဆင်ထားပါတယ်။ ဒါလေးကိုတော့ ကျွန်တော် လူငယ်တွေကို သတင်းစကား ပါးချင်ပါတယ်ဗျ”ဟု ဆိုသည်။
ယခုအခါ စစ်ကောင်စီမှ ထုတ်ပြန်လာသော စစ်ဥပဒေကြောင့် ၎င်းတို့စိုးမိုးနိုင်မှု အားကောင်းဆဲဖြစ်သည့် မြို့ကြီးများမှ ပြည်သူလူထုအနေဖြင့် စိတ်ရတတ် မအေးဖြစ်လျက်ရှိကာ မျက်စိဖွင့် နားစွင့်ပြီး ပတ်ဝန်းကျင်အခြေအနေများအား အမြဲတစေ ဂရုစိုက်နေရကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။