စစ်ကောင်စီ၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ဒရုန်းမစ်ရှင် ဆောင်ရွက်မည့် ရဲဘော် နှစ်ဦး ကျဆုံး
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့နယ် အတွင်း စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်တိုက်ခိုက်မည့် စစ်ဆင်ရေးတစ်ခုတွင် စစ်ကောင်စီ၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် နှစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့၌ ကျဆုံးခဲ့သည် ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ပြောကြားသည်။
ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာရှိ စစ်ကောင်စီ တပ်များ အခြေချတပ်စွဲရာ စစ်ဆေးရေးဂိတ် အပေါ်သို့ သွားရောက်တိုက်ခိုက်မည့် မစ်ရှင် အတွင်း စစ်ကောင်စီဘက်မှ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) မှ ရဲဘော် တစ်ဦးနှင့် PDF မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော် တစ်ဦးတို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။
“ ၄၀ မမနဲ့ အပစ်ခံရတာ နှစ်ချက် လက်နက်ငယ် တစ်ချက်မှ အပြန်အလှန် ပစ်တာ မရှိဘူး အပစ်ခံရချိန် တစ်ဦးက ပွဲချင်းပြီးကျတယ် တစ်ဦးက ဒဏ်ရာနဲ့ပြေးလာတယ် သယ်လာတုန်း လမ်းမှာ သွေးလွန်ပြီး ကျပါတယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁) တာဝန်ခံမှ ပြောသည်။
ယခုကဲ့သို့ တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးရခြင်း အကြောင်းမှာလည်း လုံခြုံရေးကျိုးပေါက်မှုကြောင့်ဟု ထင်မြင်ယူဆရကြောင်း၊ ဒရုန်းဖြင့် ဗုံးသီး သွားရောက်မချခင် လုံခြုံရေးအတွက် ပွိုင့်ကြိုလွတ်ချိန် ပွိုင့်တွင် ယူဆောင်သွားသော ဝေါကီတော်ကီမှ တဆင့် တည်နေရာအား သိရှိကာ ပွိုင့်အား အတိုက်ခံရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ၎င်းတာဝန်ခံမှ ထပ်မံပြောကြားသည်။
“လုံခြုံရေးအတွက် ပွိုင့်ကြိုလွှတ်တာ အဲ့ပွိိုင့်ကို အတိုက်ခံရတာပဲ ဝေါ်ကီတော်ကီကြောင့်ထင်တယ် ပွိုင့်မှာ တစ်လုံးပါသွားတာ အရင်က အဲ့ဂိတ်နားတဝိုက် စစ်ကြောင်းတစ်ခုရှိတယ် အဲ့နေ့က သူတို့(စစ်ကြောင်း)ရှိမနေခဲ့ဘူး “”ဟု တပ်ရင်း(၁) တာဝန်ခံမှ CJ Platform သို့ ပြောကြားသည်။
ချောင်းမြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးအနက် ဒဏ်ရာရရှိ၍ တပ်ဖွဲ့ထံပြေးထွက်လာသည့်ရဲဘော် တစ်ဦး အလောင်းကိုသာ တပ်ရင်းထံသို့ ပြန်လည် သယ်ဆောင်နိုင်ခဲ့ပြီး ကျန်ရဲဘော် တစ်ဦး၏ အလောင်းအား နောက်တစ်နေ့ နယ်မြေရှင်းလင်းချိန် တွင်မှ ပြန်လည်ရယူနိုင်ခဲ့ကြောင်း၊ ယင်း ကျဆုံးရဲဘော်နှစ်ဦးအား စစ်ရေးအခမ်းအနားဖြင့် ကောင်းမွန်စွာသဂြိုလ်နိုင်ခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံ ၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – PDF Myeik District Battalion 1