စစ်ကောင်စီ၏ ကျောက်စစ်ပုံအမြောက်တပ် ရော့ကတ် အလုံး ငါးဆယ်ကျော်ဖြင့် အပစ်ခံရ

Author မင်းထက်
Categories
Published on Mar 16, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာရှိ အမြောက်တပ်ကို PDF များက ရော့ကတ် အလုံး ၅၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း (၄) တပ်ရင်း တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

မတ်လ ၁၄  ရက်‌နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင်  မုံရွာမြို့ အမတ ၅၀၈ (ကျောက်စစ်ပုံမြောက်တပ်) ကို ရော့ကတ် အလုံး ၅၀ ကျော်ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ခဲ့ကြောင်း ၊  တပ်တွင်းသို့ ကျရောက်‌ပေါက်ကာ မီးလောင်ခဲ့ပြီး အထိအခိုက်စာရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

“ထိခိုက်မှု နောက်ဆက်တွဲအခြေနေတော့ မရသေးဘူး ။ မီးလောင်တာတော့ သေချာတယ်။ ကျွန်တော်တို့ တိုက်ခိုက်တာကတော့ ပထမဆုံးအကြိမ်ပါ။ အဲဒီတပ်က ကျေးရွာတွေကို ရမ်းပစ်တာတွေရှိတယ်” ဟု မုံရွာခရိုင်တပ်ရင်း (၄) တပ်ရင်း တာ၀န်ရှိသူတစ်ဦးက CJ Platformသို့ ပြောသည်။

 

တိုက်ခိုက်ခံရပြီးနောက် ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပြန်လည်ပစ်ခတ်သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၃) ၊ မုံရွာခရိုင်တပ်ရင်း (၂၇) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) နှင့် မုံရွာခရိုင်တပ်ရင်း (၄) မှ ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa the Boys) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) Monywa  Commando Force ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၄) 5/Teachers Defence Force PDF တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖော်ဖော်၀ါရီလ ၂၉ ရက်နေ့က ကျောက်စစ်ပုံ အမြောက်တပ် ဝန်းကျင်တွင်ရှိသော ကျေးရွာများကို အပြန်အလှန် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ၀င်ရောက်မီးရှို့ခြင်း ၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း မုံရွာ ဒေသခံများထံက သိရသည်။