စစ်ကောင်စီအောက် စစ်မှုမထမ်းလိုသည့် လူငယ်များကို မွန်ကောင်စီ လက်ခံမည်ဟုဆို

Author လင်းနွေဦး
Categories
Published on Feb 24, 2024

 

 လက်ရှိနိုင်ငံရေးအခြေအနေများနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲလိုသည့် လူငယ်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)မှ လက်ခံပေးသွားမည်ဖြစ်ကြောင်း MSFC လူသားချင်းစာနာမှုနှင့် ပြန်လည်နေရာချထားရေးဌာနမှူး မိဆုတဇဝ်(Mi South Ta Jo) မှ CJ Platform သို့ ပြောကြားသည်။

 

ထို့ပြင် ပညာရှင် လူငယ်များကို လုပ်ကိုင်လိုသော ဌာနများအလိုက် ရွေးချယ်တာဝန်ထမ်းဆောင်ခွင့်ပေးအပြင် အခွင့်အလမ်းများပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

“ထွက်ပြေးတိမ်းရှောင်လာသူတွေထဲက စစ်သင်တန်း တက်ရောက်လိုသူတွေကို MSFC နိုင်ငံရေးဦးဆောင်မှု အောက်က မွန်ပြည်တော်လှန်ရေးတပ်(MSRF)ကို ညွှန်းပို့ပေးနိုင်ပါတယ်။ ခိုလှုံ ပြည်သူတွေအတွက် ဆိုရင်လည်း ရေတိုပညာရေးဆိုင်ရာ သင်တန်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အောက်ရှိ ဌာနဆိုင်ရာများက ပေးပို့တဲ့ ကျန်းမာရေး၊ ပညာရေးတဲ့ လူငယ်ရေးရာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို ညွှန်းဆိုပေးပို့သွားနိုင်ပါတယ်” ဟု လာရောက်ခိုလှုံလိုသူများအတွက် စီစဥ်ထားမှုနှင့်ပတ်သက်၍ လူသားချင်းစာနာမှုဆိုင်ရာ ဌာနမှူး မိဆုတေဇဝ်က CJ Platformသို့ ပြောသည်။

 

MSFC ထံ အမှန်တကယ် ခိုလှုံရန် ဆန္ဒရှိစွာ တောင်းဆိုလာသူများအနေဖြင့် ကူညီကယ်ဆယ်ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ရိုးသားမှန်ကန်စွာ ချိတ်ဆက်ပြီး လာရောက်ခိုလှုံနိုင်ကြောင်း ၎င်းက ပြောသည်။

 

“ပြည်သူတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေကို MSFC နဲ့အတူ ပူးပေါင်းပါဝင်လုပ်ဆောင်မှုတွေအဖြစ် ဥပမာအနေနဲ့ ပြည်တွင်း ခရီးသွားလာရေးအတွက် ဝိုင်းဝန်းကူညီပေးတာတွေ၊ လူငယ်တွေ လိုအပ်တဲ့ စွမ်းရည်မြှင့်တင်ပေးမှု တွေ တိုးတက်များပြားလာစေဖို့၊ Funding ပိုင်းနဲ့ သင်ကြားမှုဆိုင်ရာ လုပ်အား‌ပေးတာတွေကို ပူးပေါင်းပံ့ပိုး အကြုံပြုနိုင်တာတွေရှိပါတယ်။ ဆိုလိုချင်တာတော့ လူငယ်ပညာရှင်တွေအနေနဲ့ စိတ်ပါဝင်စားတဲ့ ဌာနအလိုက် အလုပ်သင်ခွင့်တွေ၊ ဖန်တီးပံ့ပိုးမှုတွေနဲ့ ရွေးချယ်ခွင့် တာဝန်ထမ်းဆောင်ခွင့်တွေကို လုပ်ဆောင်ပေးပါမယ်” ဟု ၎င်းက CJ Platform သို့ ဆက်ပြောသည်။

 

ထို့ကြောင့် တိမ်းရှောက်ခိုလှုံလာမည့် လူငယ်များအပါအဝင် ပြည်သူများအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ နေရာထိုင်ခင်း၊ အစားအသောက်၊ အမိုးအကာများ အစရှိသည့် လိုအပ်သည်များ ထောက်ပံ့နိုင်ရန်အတွက် ကြိုးပမ်းပြင်ဆင်ထာသည်ဟုလည်း MSFC လူသားချင်းစာနာမှုဌာနမှူးက ဖြည့်စွက်ပြောကြားသည်။

 

မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်းမဟာမိတ်အဖြစ် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုလည်း ဖေဖော်ဝါရီ  ၂၂ ရက် ကြာသပတေးနေ့တွင် New Mon State Party- AD က တရားဝင်ထုတ်ပြန်ကြေညာထားသည်။

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုလိုက်သည့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ၎င်းတို့လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် မြန်မာပြည် အနှံ့အပြားမှ လူငယ်အများအပြားရှိနေသည့်အချိန်တွင် အချိန်ကိုက်အဖြစ် တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက တာဝန်ထမ်းဆောင်ရန် တပ်ဖွဲဝင်သစ်များ ဖိတ်ခေါ်နေပြီး CJ Platform ၏ စုံစမ်းချက်အရ တပ်ဖွဲ့ တစ်ဖွဲ့ လျှင် နာမည်ရရှိမှုအပေါ် မူတည်၍ လာရောက်လျှောက်ထားသူ အရေအတွက်မှာ ဆယ်ဂဏန်းအောက်ရှိနေပြီး လူသိများထင်ပေါ်သည့် တော်လှန်ရေးအဖွဲ့များထံတွင်မူ ရာဂဏန်းမှ ထောင်ချီ၊ သောင်းချီ အရေအတွက်ထိ ရှိနေကြောင်း သိရသည်။