စစ်ကောင်စီအား လက်နက်၀ယ်ယူပေးနေသည့် လူပုဂ္ဂိုလ်သုံးဦးနှင့် ကုမ္ပဏီတစ်ခုအား အမေရိကန်ပိတ်ဆို့အရေးယူ

Author လင်းခိုင်
Categories
Published on Oct 07, 2022

စစ်ကောင်စီအား လက်နက်၀ယ်ယူပေးနေသည့် လူပုဂ္ဂိုလ်သုံးဦးနှင့် ကုမပ္ပဏီတစ်ခုအား အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနိ ဂျေကလင်ကန်က အောက်တိုဘာ ၆ရက်တွင် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စိတ်တိုင်းကျအုပ်ချုပ်နိုင်စေရန် လူးပေါင်းထောင်ချီသတ်ဖြတ်ခြင်း၊ လူတစ်သန်းကျော် နေရပ်စွန့်ခွာခြင်းနှင့် ဒီမိုကရေစီ လိုလားသော ဦးဆောင်လှုပ်ရှားသူများ၊ အတိုက်အခံခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူများနှင့် သတင်းထောက်များကို ဖမ်းဆီးထိန်းသိမ်းပြီး အကြမ်းဖက်မှုများအား မြန်မာပြည်သူများကို ကျူးလွန်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးကပြောကြားသည်။

ထို့ကြောင့် အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာန အောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေး ရုံးသည် ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာနှင့်အတူ Dynasty International Company Limited တို့ကို စစ်အာဏာရှင်အဖွဲ့အစည်းအတွက် ရုရှားထုတ်စစ်လက်နက်များကို ဘီလာရုစ်မှတဆင့် ၀ယ်ယူပေးရာတွင် ပါ၀င်သည့်အတွက် အမေရိကန် သမ္မတ၏ အမိန့်အမှတ် ၁၀၄၀၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ဆက်လက်ပြောကြားသည်။

ယခုအရေးယူမှုသည် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်မှု၊ စက်တင်ဘာ ၁၆ရက်တွင် အနည်းဆုံး ကလေးငယ် ၁၁ဦးသေဆုံးခဲ့ရသည့် ရဟတ်နှင့် စာသင်ကျောင်းကို တိုက်ခိုက်ခြင်းအပါအ၀င် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက် ပြုနေသူများအား ပစ်မှတ်ထားရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ ယခင်ရဲချုပ်နှင့် ဒုတိယပြည်ထဲရေး၀န်ကြီးဟောင်း ဦးသန်းလှိုင်ကိုလည်း စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဥပဒေမဲ့သတ်ဖြတ်ခြင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါ၀င်ခဲ့သည့်အတွက် အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန၏ ၂၀၂၂ နိုင်ငံရပ်ခြား လုပ်ငန်းဆောင်ရွက်ရေးနှင့် ဆက်စပ်အစီအစဉ်များလျာထားချက်အက်ဥပဒေ အရ အရေးယူသွားမည်ဟု အန်တိုနိ ဂျေကလင်တန်ကဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာ၀န်ခံမှု တာ၀န်ယူမှုရှိစေရန် မိတ်ဖက်များနှင့် အတူဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများကို အားပေးထောက်ခံကာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီးမရှိပေးအပ်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် အားလုံးပါ၀င်နိုင်သည့် ပါတီစုံဒီမိုကရေစီစနစ် ပြန်လည်ရောက်ရှိရန်ကိုလည်း တောင်းဆိုကြောင်း အန်တိုနီ ဂျေကလင်တန်ကပြောကြားသည်။