စစ်ကောင်စီအဖွဲ့၀င် ဦးခင်မောင်ဆွေ၏ NDF ပါတီက ၂၀၂၃ ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက်ဟု ဝါဒဖြန့်

Author လင်းခိုင်
Categories
Published on Dec 17, 2022

 

စစ်ကောင်စီအဖွဲ့၀င် ဦးခင်မောင်ဆွေ၏ NDF ပါတီက ၂၀၂၃ ရွေးကောက်ပွဲ နိုင်ငံရေးထွက်ပေါက်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းပါတီ၏ နိုင်ငံရေးမူဝါဒနှင့် သဘောထားတွင် ထည့်သွင်းဖော်ပြထားသည်။

NDF အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဒီမိုကရေစီလွတ်လပ်ခွင့်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဥပဒေအရ ရပိုင်ခွင့်အခြေခံမှုများ ရရှိရေးအတွက် နိုင်ငံရေးနယ်ပယ်နှင့် လွှတ်တော်နယ်ပယ်များတွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ဆောင်ရွက်မည်ဟု ဆိုထားသည်။

ထို့ပြင် ပါတီကြီးဝါဒ၊ လူမျိုးကြီးဝါဒကင်းရှင်းစွာဖြင့် ဒေသခံ လူမျိုးများ၏ ယုံကြည်ကိုးစားမှုရှိသူများ ကသာ ဦးဆောင်သော နိုင်ငံရေး၊ စည်းရုံးရေးနှင့် လွှတ်တော်ရေးရာ ကိစ္စ လှုပ်ရှားဆောင်ရွက်စေမည်ဖြစ်ပြီး၊ ဒေသအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များကို လွှတ်တော်တွင်း လွှတ်တော်ပြင်ပ၌ ဒေသသားများ ဦးစားပေးအကောင်အထည်ဖော်နိုင်ရေး ဦးစားပေးမည်ဟု စစ်ကောင်စီအဖွဲ့၀င် ဦးခင်မောင်ဆွေ၏ NDF ပါတီ၏ နိုင်ငံရေးမူဝါဒနှင့် သဘောထားတွင် ဖော်ပြထားသည်။

ယင်းအပြင် ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ အဓိက လိုအပ်ချက်ကြီးများဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ တည်ငြိမ်ဖွံ့ဖြိုးရေးသို့ ရောက်ရှိစေရန် နိုင်ငံ၏ လက်ငင်းနိုင်ငံရေးထွက်ပေါက်သည် ၂၀၂၃ ရွေးကောက်ပွဲကြီးဖြစ်ကာ၊ PR စနစ်ကို အသုံးပြုသည့်ရွေးကောက်ပွဲ ဖြစ်လာစေရန် ပြည်သူလူထုကို စည်းရုံးသွားမည်ဟု ယင်းပါတီက ဆိုထားသည်။

စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ် မျှတမှုမရှိခြင်းနှင့် နိုင်ငံရေး အကျပ်အတည်းကို ပိုမိုဖြစ်ပေါ်လာနိုင်သည့်အတွက် အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများက လက်မခံကြောင်းပြောကြားထားသည့်အပြင်၊ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကလည်း ယင်းရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ပြောကြားထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများကလည်း ယင်းရွေးကောက်ပွဲသည် စစ်ကောင်စီ၏ အတုအယောင်ဗန်းပြ သာဖြစ်သဖြင့် ပြည်သူအားလုံး သပိတ်မှောင်ကြရန် တိုက်တွန်းထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NDF #ဦးခင်မောင်ဆွေ #ရွေးကောက်ပွဲ