စစ်ကောင်စီအတွက် စစ်လေယာဉ်အစိတ်အပိုင်းများ တင်သွင်းပေးနေသည့် Sky Aviator ကုမ္ပဏီနှင့် ပိုင်ရှင်ကို ပိတ်ဆို့ အရေးယူကြောင်း အမေရိကန်သံရုံးထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 09, 2022

စစ်ကောင်စီအတွက် စစ်လေယာဉ်အစိတ်အပိုင်းများ တင်သွင်းပေးနေသည့် Sky Aviator Company Limited၊ ပိုင်ရှင်နှင့် ဒါရိုက်တာ ဖြစ်သူ ဦးကျော်မင်းဦးကို ပိတ်ဆို့ အရေးယူခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဂျေ ဘလင်ကန်က နို၀င်ဘာ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အတိုက်အခံ နိုင်ငံရေးသမားများနှင့် အရပ်သားပြည်သူ အမြောက်အများကို အသက်ဆုံးရှုံးစေလောက်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရင်း မြန်မာပြည်သူများ အပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်က ဆိုသည်။

ယခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် အာဏာရှင်အဖွဲ့အစည်းသည် အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ အသေအပျောက်အများဆုံး လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည့် ကချင်ပြည်နယ်မှ အနုပညာရှင်များ၊ တင်ဆက်ကပြသူများနှင့် ပွဲကြည့်ပရိတ်သတ်များ အစရှိသည့် လူပေါင်း ၁၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ကပြောသည်။

အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဂျေ ဘလင်ကန်က ပြောသည်။

ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်းနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း ကိုပံ့ပိုးသူများအား အမေရိကန်ပြည်ထောင်စုမှ ထပ်တိုး အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ Sky Aviator Company Limited နှင့် ပိုင်ရှင်နှင့် ဒါရိုက်တာ ဖြစ်သူ ဦးကျော်မင်းဦးကို အမေရိကန် ဘဏ္ဍာရေး၀န်ကြီးဌာနမှ “မြန်မာနိုင်ငံအတွင်း အခြေအနေနှင် စပ်လျဉ်းပြီး ပိုင်ဆိုင်မှုများကို ထိန်းချုပ် ကန့်သတ်ခြင်း” သမ္မတ အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကျော်မင်းဦး၏ ဦးစီးမှုအောက်တွင် Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံမှ လက်နက်ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့ခြင်း၊ နိုင်ငံခြားမှ စစ်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်မျး အဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပံ့ပိုးမှုများ ပြုလုပ်သည့်အတွက် ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အာဏာရှင်အဖွဲ့အစည်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရှိစေရန်နှင့် တာ၀န်ခံမှု တာ၀န်ယူမှုရှိစေရန်ဆောင်ရွက်ခြင်းနှင့် မြန်မာပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် ယင်းတို့ အသုံးပြုသည့် ၀င်ငွေရလမ်းနှင့် အရင်းအမြစ်များကို ဖြတ်တောက်ခြင်းများကို အမေရိကန် ပြည်ထောင်စုသည် မိတ်ဘက်များနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform