စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးစစ်တပ်ဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Dec 27, 2023

ပြည်တွင်းစစ်အတွင်း လေယာဉ်မသုံးရဟူသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသော စစ်ကောင်စီကို “၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှု အကျူးလွန်ဆုံး အစိုးရစစ်တပ်” အဖြစ်သမိုင်းဝင်ခဲ့ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။

 

ထိုသို့လေကြောင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်တိုက်ခိုက်နေသော်လည်း မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့်  စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုသည်သာမက အရပ်သားများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့် သာသနိက အဆောက်အအုံများ၊ ရှေးဟောင်းသမိုင်းအမွေအနှစ်များကို လေကြောင်း၊ ရေကြောင်းမှသာမက လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့်ပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေ့စဉ်နှင့်အမျှ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ရှမ်းပြည်(မြောက်ပိုင်း)တွင် ကျောက်မဲအခြေစိုက် စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်းမှ မာမိုကျေးရွာသို့ လက်နက်ကြီးဖြင့် ခြောက်ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ တုံဆင်ကြီးကျေးရွာသို့ လက်နက်ကြီးဖြင့် သုံးကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “၆၈ ဂိတ်တပ်စခန်း” မှ မန်ပိန်းကျေးရွာသို့ အတွဲလိုက်ဒုံးကျည်ဖြင့် လေးကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုင်းလိုင်ကျေးရွာနှင့် ဂျာယာန်ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် သုံးကြိမ်၊ နမ္မတူမြို့နယ်ရှိ ခိုဖိတ်ကျေးရွာကို  Y12 လေယာဉ်ဖြင့် နှစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် စသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများသည် အရပ်သားများနေထိုင်ရာများကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

အလားတူ ရက္ခိုင်ပြည်တွင်လည်း မြောက်ဦးမြို့ရှိ ခမရ(၃၇၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆင်ချဆိပ်ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့သည်ဟု ယမန်နေ့ ည ၁၂ နာရီထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။ ထို့နောက် စစ်ကောင်စီတပ်သည် မြောက်ဦးမြို့ကို လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့လည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

 

ထို့ပြင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲချမှုသည် ဓမ္မာရုံတစ်ခုကိုထိမှန်ခဲ့ပြီး စစ်ဘေးရှောင်  ကလေးငယ်သုံးဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

 

ယမန်နေ့ နံနက် (၉) နာရီခန့်တွင် ရက္ခိုင်ပြည်‌ ပေါက်တောမြို့ကို မြစ်တစ်ဖက်ကမ်းရှိ စစ်ကောင်စီ၏ တိုက်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့တွင်းရှိ အရပ်သားပြည်သူအချို့၏ နေအိမ်များ မီးလောက်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ နံနက်(၁၁)နာရီခန့်တွင်  နန်းကျွန်းအနီးရှိ စစ်‌ကောင်စီတပ်၏ စစ်ရေယာဉ်သည် ခရီးသည်တင်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်အချို့ဒဏ်ရာရကာ စက်လှေမှာလည်း ဝမ်းဗိုက်ပေါက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

ရက္ခိုင်ပြည်နှင့် ရှမ်းမြောက်တခွင်တွင် စစ်ရေးအရအထိနာနေသည့် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများပိုမိုလုပ်ဆောင်လာပြီး လွန်ခဲ့သည့်သုံးရက်အတွင်း မြောက်ဦးမြို့အနီးအနားရှိ စစ်ကောင်စီတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ဦးသေဆုံးကာ (၁၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

အလားတူ ဒီဇင်ဘာ (၂၅) ရက်နေ့တွင်လည်း အပစ်ရပ်ထားသည်ဟုဆိုထားသည့် ကိုးကန့်တပ်(MNDAA) အခြေစိုက်ရာ ကိုးကန့်ဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လောက်ကိုင်ဒေသ တုန်ချန်ရပ်ကွက်အတွင်းရှိ ဟွမ်ကွမ့်ဟိုတယ်အနီး ကျရောက်ပေါက်ကွဲကာ ဒေသခံ(၈)ဦး သေဆုံး၍ (၂၅)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

ရှမ်းမြောက်ဒေသရှိ တအာင်းတပ်မတော်(TNLA)၏ စစ်ဒေသဖြစ်သည့် တအာင်းစစ်ဒေသတွင်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီကြောင့် အရပ်သား(၆၀)ဦးထက်မနည်း သေဆုံးခဲ့ကာ (၁၃၀)ဦးကျော်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်(၂၈၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော်၏ အောက်တိုဘာ (၂၇) မှ  ဒီဇင်ဘာ (၁၁)ရက်အထိ စာရင်းဇယားများအရ သိရသည်။

Related News

Depend on news