စစ်ကောင်စီသည် ဥပဒေ ပြဌာန်းချက်အသစ်များဖြင့် အာဏာရှင်ဆန်ဆန်ချုပ်ကိုင်နိုင်ရန် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 29, 2022

 

စစ်ကောင်စီသည် ဥပဒေပြဌာန်းချက်အသစ်များဖြင့် အာဏာရှင်ဆန်ဆန်ချုပ်ကိုင်နိုင်ရန် လုပ်ဆောင်နေကြောင်း အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး(OHCRH) က နို၀င်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၂၈ ရက်တွင် ပြင်ဆင်ပြဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေသည် နိုင်ငံသားဆိုင်ရာ အခန်းကဏ္ဍနှင့် လူ့အခွင့်အရေးပေါ် ဆိုးကျိုးသက်ရောက်စေကြောင်း၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပြီး ယခုဥပဒေအသစ်စည်းမျဉ်းများကို မလိုက်နာသော အဖွဲ့အစည်းများကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီသည် ဖြတ်လေးဖြတ် ဗျူဟာဖြင့် မြို့နယ်ပေါင်း ၂၀ ကျော်တွင် အင်တာနက်ပိတ်ခြင်း၊ မြို့ပြနေရာများ ဖျက်စီးခြင်းနှင့် အခြေခံအခွင့်အရေးနှင့် လွတ်လပ်မှုကို တားဆီးခြင်း အစီအမံများစွာကို လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ပြင် စစ်ကောင်စီသည် နိုင်ငံ၏ ဥပဒေဘောင်နှင့် တရားစီရင်ရေး စနစ်ကို အသုံးပြုပြီး အတိုက်အခံမှန်သမျှကို ချေမှုန်းရန် ပြဌာန်းထားပြီး အဆိုပါ ပြဌာန်းချက်အသစ်များသည် မြန်မာနိုင်ငံအပေါ် အာဏာရှင်ဆန်ဆန် ချုပ်ကိုင်နိုင်စေရန် တရား၀င်လက်နက်အဖြစ် ဆောင်ရွက်နေသည်ဟု OHCRH ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အခုစည်းမျဉ်း အသစ်ကြောင့် အသက်ရှင်သန်ရန် ရုန်းကန်နေရတဲ့ လူတွေအတွက် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများနဲ့ ၀န်ဆောင်မှုတွေပေးပို့ဖို့ အရပ်ဘက်အဖွဲ့အစည်းများ လည်ပတ်ရန် သိသိသာသာလျော့နည်းသွားစေနိုင်ပါတယ်” ဟု OHCRH Myanmar အကြီးအကဲ James Rodehaver ကပြောသည်။

ယင်းအပြင် နိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြင်းထန်သော ကန့်သတ်ချက်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၁ဒသမ၄သန်းအနက် အချို့ထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများရောက်ရှိရန် ခက်ခဲနေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအသစ်သည် အရာအားလုံးကို ထိခိ်ုကစေနိုင်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအ၀င် လူပေါင်း တစ်သန်းကျော်ကို အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း James Rodehaver ကပြောသည်။

စစ်ကောင်စီအနေဖြင့် အရပ်သားများကို ကာကွယ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံ ပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုသည့် နိုင်ငံရေး စနစ် ပြန်လည်ထူထောင်ရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတို့အရ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက တောင်းဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကုလ #လူ့အခွင့်အရေး #ဥပဒေ