စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်လာနိုင်သည့်အတွက် NUG အနေဖြင့် နိုင်ငံရေးဆိုင်ရာ အစီအမံများ ရေးဆွဲထားရန် ပြည်ထောင်စု၀န်ကြီးချုပ် တိုက်တွန်း

Author မွန်လေး
Categories
Published on Jan 12, 2023

 

စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်လာနိုင်သည့် အတွက် NUG အနေဖြင့် နိုင်ငံရေးဆိုင်ရာ အစီအမံများ ရေးဆွဲထားရန် ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက တိုက်တွန်း ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၁၂ရက်) က ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က တော်လှန်ရေး အခြေခံအင်အားစုဖြစ်သည့် ပြည်သူများ၊ CDM ၀န်ထမ်းများ၊ နိုင်ငံတကာမှ အားပေးကူညီထောက်ခံသူများ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ခိုင်မာသည့် စည်းလုံးမှုကြောင့် နွေဦးတော်လှန်ရေး ရေသောက်မြစ်သည် ပိုမိုခိုင်မာလာစေပြီး မည်သို့သော အကြောင်းမျိုးနှင့်မှ ပြိုလဲရန် မဖြစ်နိုင်သည်ကို အကြမ်းဖက် စစ်ကောင်စီအပြင် ယင်းတို့အားထောက်ခံသည့် နိုင်ငံအချို့ပါ သိမြင်လာပြီဟု ပြောကြားသည်။

ထိုကဲ့သို့ အချက်များကြောင့် စစ်ကောင်စီသည် ယင်း၏ နောက်ဆုံးထွက်ပေါက်ဖြစ်သည့် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့် နည်းနှင့် ဆောင်ရွက်လာနိုင်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးဆိုင်ရာ ဖြစ်နိုင်စွမ်းအပေါ် အစီအမံများ ရေးဆွဲချမှတ်ရန် လိုအပ်သည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာနမှ ဖွဲ့စည်းလိုက်သည့် ဗဟို တိုင်ကြား စာစိစစ်ရေးကော်မတီသည် မရှိမဖြစ် လိုအပ်သည့် ယန္တရားတစ်ခုဖြစ်ကြောင်း၊ တိုင်းကြားစာများဖြေရှင်း ဆောင်ရွက်လာနိုင်ခြင်းသည် အစိုးရကို ပြည်သူက ပိုမိုယုံကြည်အားကိုးစေမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် အဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ပြည်သူများကို အကြောက်တရား သွင်းကာ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများအကြား၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား အထင်အမြင်လွဲမှားရန် ဆောင်ရွက်နေသည်ဟု ပြည်ထောင်စု၀န်ကြီးက ထောက်ပြ ပြောဆိုသည်။

ထို့ကြောင့် အရေးကြီးသည့် ဖြစ်ရပ်များကို အလျင်အမြန် သတင်းပြန်ကြားထုတ်ပြန်ရေးနှင့် တုံ့ပြန်မှု အထောက်အကူများဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုမှသာ ဖြစ်ရပ်တိုင်းတွင် ပြည်သူ့ဆက်ဆံရေးအကျိုးများ မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အကျိုးများရရှိနိုင်မည်ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း #ရွေးကောက်ပွဲ